Tuesday, July 26, 2016

နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းနိုင်မည့် လွှတ်တော်တာဝန်များကို ရိုးရိုးသားသားနှင့် အပြုသဘောဆောင် တိုင်ပင်ဆွေးနွေး


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက လွှတ်တော်ကိုယ်စားလှယ်များအားလုံး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေလိုသည့် ဆန္ဒ၊ နိုင်ငံသား ပြည်သူများ လူမှုစီးပွားရေးအခြေအနေများ ဘဝလုံခြုံမှု ရှိစေလိုသည့်ဆန္ဒ၊ ရည်မှန်းချက်များ တူညီစွာရှိကြမည် ဖြစ်ပါကြောင်း၊ ထိုသို့ တူညီသည့်ဆန္ဒ၊ ရည်မှန်းချက်များ ရှိကြသည်နှင့်အညီ နိုင်ငံသားပြည်သူများအတွက် အကျိုး စီးပွားဖြစ်ထွန်းနိုင်မည့် ဥပဒေပြုရေးအပါအဝင် လွှတ်တော် ဆိုင်ရာလုပ်ငန်းတာဝန်များကို ရိုးရိုးသားသား ပွင့်ပွင့် လင်းလင်းနှင့် အပြုသဘောဆောင် တိုင်ပင်ဆွေးနွေးပြီး ဝိုင်းဝန်းပါဝင်ဆောင်ရွက်သွားကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။ 

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ် လျာထားချက်အပေါ် အခွန်ကောက်ခံရရှိမှု အခြေအနေနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက အခွန်အမျိုးအစားအလိုက် အကောင်အထည်ဖော်နိုင်မှုကို စိစစ်ရာတွင် သတ်မှတ် လျာထားချက်ကို ပြည့်မီကျော်လွန်အောင် ကောက်ခံနိုင် ခဲ့သည့် အခွန် (၁၁)မျိုးနှင့် လျာထားချက်ထက် လျော့နည်း ရရှိခဲ့သည့် အခွန် (၇)မျိုးရှိသည်ကို တွေ့ရှိရပါကြောင်း။

ပြည်ထောင်စု၏ အခွန်ဘဏ္ဍာရငွေများမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲဝေပေးလျက်ရှိပါကြောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှ စတင်ပြဋ္ဌာန်းသည့် အထူးကုန်စည်ခွန် ဥပဒေအရ ကောက်ခံရငွေမှ ၁၅ ရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံရငွေမှ ၁၅ ရာခိုင်နှုန်းတို့ကို တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ အခွန်ဝေစုအဖြစ် ခွဲဝေပေးလျက်ရှိပြီး ဝင်ငွေခွန်ကောက်ခံရငွေမှ ၅ ရာခိုင်နှုန်းနှင့် အပိုတံဆိပ်ခေါင်းခွန် ကောက်ခံရရှိငွေ ၂ ရာခိုင်နှုန်းကိုလည်း သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ ရန်ပုံငွေသို့ ခွဲဝေပေးလျက်ရှိပါကြောင်း။

နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဝင်ငွေ အပြည့်အဝရရှိရေး၊ သင့်တင့်မျှတပြီး ပြည်သူများလိုက်နာ ထမ်းဆောင်နိုင်သော အခွန်နှုန်းထားများဖြစ်စေရေး၊ ပြည်သူများ အခွန်ဆိုင်ရာအသိပညာ၊ ဗဟုသုတတိုးပွားပြီး အခွန်ကိုလိုလားစွာ ထမ်းဆောင်လာစေရေး၊ နိုင်ငံတကာ စံနှုန်းများနှင့် လျော်ညီသောအခွန်စနစ်ဖြစ်ပေါ်လာရေး၊ အခွန်တိမ်းရှောင်မှုများ ပပျောက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

ယင်းသို့ဆောင်ရွက်ရာတွင် အခွန်ဝန်ထမ်းများ၏ စိတ်ထားခံယူချက်၊ လုပ်ဆောင်ချက်များ ပြုပြင်ပြောင်းလဲ ရေး၊ ဆုပေးဒဏ်ပေးစနစ်ကို ထိရောက်စွာ ကျင့်သုံးဆောင် ရွက်ရေး၊ အခွန်ပညာပေးမှု ပိုမိုလုပ်ဆောင်ရေး၊ နိုင်ငံတကာအဆင့်မီ အခွန်စနစ်ဖြစ်ပေါ်လာစေရေးတို့အတွက် ပြည်ပမှ ကျွမ်းကျင်သူများ အကူအညီကိုပါရယူ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခွန်ထမ်းပြည်သူများဘက်မှလည်း နိုင်ငံတော်၏ အခွန်တာဝန်ကို လိုလားစွာ ထမ်းဆောင်ကြရ မည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီဝင်က ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ ရေးနှစ် ဒုတိယ ၆ လပတ်လျာထားချက်အပေါ် အခွန်ကောက်ခံရရှိမှုအခြေအနေ ရှင်းလင်းတင်ပြချက်နှင့် ပတ်သက်၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘော ထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။

ယင်းနောက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း (ပြင်ဆင်ချက်)နှင့် ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)တို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက လွှတ်တော်သို့ ရှင်းလင်းတင်သွင်းရာ ပြည်ထောင်စု လွှတ်တော်နာယက က ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် ၂၉ (၁၉၃ဝ)၏ နောက်ဆက်တွဲစာချုပ်နှင့် အဓမ္မစေခိုင်းမှု ပပျောက်ရေးအတွက် နောက်ဆက်တွဲ လုပ်ငန်းစဉ်များဆိုင်ရာ တိုက်တွန်းချက်အမှတ် ၂ဝ၃ တို့အား မှတ်တမ်းတင်နိုင် ရေးကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ''(၁ဝ၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာညီလာခံ''က အတည်ပြုချမှတ်ခဲ့သည့် အဓမ္မခိုင်းစေ မှုဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၂၉ ၏ နောက်ဆက်တွဲစာချုပ်နှင့် အဓမ္မခိုင်းစေမှုပပျောက်ရေးအတွက် နောက်ဆက်တွဲ လုပ်ငန်းစဉ်များဆိုင်ရာ တိုက်တွန်းချက် အမှတ် ၂ဝ၃ တို့ကို ILO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ တာဝန်ရှိမှုအနေဖြင့် ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။ 

Credit To >>> The Mirror Daily

0 comments:

Post a Comment