Tuesday, July 26, 2016

ပြည်သူ့ဆန္ဒသဘောထားများကို လက်တွေ့ဆောင်ရွက်ရာတွင် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီဆောင်ရွက်ရန် အထူးအရေးကြီး


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အဆောက်အအုံ၌ စတင်ကျင်းပရာ
တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ကတိသစ္စာပြုခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ ကြယ်ပွင့်ပြမေးခွန်း (၆)ခု မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသည့် ဥပဒေကြမ်းနှစ်ခုကို ပြင်ဆင်ချက်မရှိ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းများ ဆောင်ရွက်ကြသည်။ 
အစည်းအဝေးတွင် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ်ဝင်းကိုကိုနှင့် ဒုတိယဗိုလ်မှူးကြီးမျိုးဝင်းလှိုင်တို့က ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ကြသည်။ 
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ပြည်သူ့ဆန္ဒသဘောထားများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန်မှာ မိမိတို့လွှတ်တော်ကိုယ်စားလှယ်များ၏ အဓိကတာဝန်ဖြစ်ပါကြောင်း၊ ပြည်သူလူထုခံစားနေရသည့်အခက်အခဲများ၊ အကျပ်အတည်းများ၊ ပြဿနာများအား မေးခွန်းများ၊ အဆိုများ၊ ဥပဒေကြမ်းများအဖြစ် ပြောင်းလဲပြီး လွှတ်တော်တွင် တင်သွင်းဆောင်ရွက်ကြရခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ကြရာတွင် ကောင်းစေချင်သည့် စိတ်ရင်းစေတနာအမှန်ဖြင့် ဆောင်ရွက်ကြ သည်ဆိုခြင်းကို နားလည်သော်လည်း ကိုယ်စားလှယ်များသည် လွှတ်တော် ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ နည်းမှန်လမ်းမှန်ဖြင့် ဆောင်ရွက်သွားကြရန် အထူးအရေးကြီးသည်ကို ပြောကြားလိုပါကြောင်း၊ ပြည်သူများက အားကိုးယုံကြည်စွာ ရွေးချယ်တာဝန်ပေးလိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များသည် အရည်အချင်းပြည့်ဝနေမှသာ ဥပဒေပြုရေးမဏ္ဍိုင်၏ ဂုဏ်သိက္ခာ ဆက်လက်မြင့်မားနေမည်ဖြစ်ပြီး လွှတ်တော်၏အဓိကတာဝန်ဖြစ်သည့် ဥပဒေ ပြုရေးတာဝန်ကို ပီပြင်စွာထမ်းဆောင်နိုင်ကြမည်ဖြစ်ပါကြောင်း ပြောကြားသည်။ 

ထို့နောက် မင်းကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်၏ မင်းကင်းမြို့တွင် မဟာဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ် အားဖြန့်ဖြူးမှုကို မည်သည့်အတွက်ကြောင့် ကြန့်ကြာရသည်၊ မည်သည့်အချိန်တွင် ဓာတ်အားဖြန့်ဖြူးမှုဆောင်ရွက်နိုင်မည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက မင်းကင်းမြို့ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၆၆ ကေဗွီ ဘုတလင်-ကနီ-မင်းကင်း ဓာတ်အားလိုင်း ၆၆ ဒသမ ၇ မိုင်နှင့် မင်းကင်းဓာတ်အားခွဲရုံ စီမံကိန်းအား ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် ပစ္စည်းများဝယ်ယူရန် စာချုပ် ချုပ်ဆိုခဲ့ပါကြောင်း၊ အဆိုပါစီမံကိန်းအတွက် ဝယ်ယူထားသောပစ္စည်းများ ရောက်ရှိထားသော်လည်း ၂ဝ၁၅ ခုနှစ် မိုးရာသီတွင် မိုးများ၍ လမ်းများ ပျက်စီးပြီး ကားများသွားလာ၍မရသဖြင့် ပစ္စည်းများကို လုပ်ငန်းခွင်သို့ ပို့ဆောင်၍မရခြင်း၊ ဓာတ်အားလိုင်းတည်ဆောက်ရန် တောင်ကုန်း၊ တောင်တန်းများကို ဖြတ်သန်းရခြင်းနှင့် တောင်ထိပ်ပေါ်သို့ ကွန်ကရစ်တိုင်များကို ခက်ခဲစွာ သယ်ယူရခြင်း၊ စီမံကိန်းအတွက် လျာထားရန်ပုံငွေ လုံလောက်စွာမရရှိခြင်း စသည်တို့ကြောင့် ကြန့်ကြာရခြင်းဖြစ်ပါကြောင်း။

ထို့အပြင် ဓာတ်အားလိုင်းတည်ဆောက်မည့် လမ်းအူကြောင်းသည် ချင်းတွင်းမြစ်ကျော်တာဝါကြီးများ ဖြတ်သန်းတည်ဆောက်ရမည်ဖြစ်သဖြင့် မြစ်ကျော်တာဝါတိုင်ကြီးများအား ဒီဇိုင်းရေးဆွဲ၍ အမြန်ရရှိအောင် စီမံဆောင်ရွက်ခဲ့ရပါကြောင်း၊ ယနေ့အထိ ၆၆ ကေဗွီ ဘုတလင်-ကနီ-မင်းကင်း ဓာတ်အားလိုင်း တည်ဆောက်ပြီးစီးမှုမှာ ၇၂ ဒသမ ၈၃ ရာခိုင်နှုန်းနှင့် မင်းကင်း ဓာတ်အားခွဲရုံမှာ ၉ဝ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါကြောင်း၊ ယခုနှစ်မိုးရာသီတွင်လည်း မိုးများသည်းထန်စွာရွာသွန်း၍ တည်ဆောက်ရေးလုပ်ငန်းများအား ခက်ခဲစွာ ဆောင်ရွက်နေရပါသဖြင့် မင်းကင်းမြို့သို့ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလကုန်ခန့်တွင် ဓာတ်အားဖြန့်ဖြူးနိုင်ရေး ရည်မှန်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။ 

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီး၏ မဏိပူရ်စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက ဒေသခံများနှင့် နိုင်ငံတော်အတွက် ရေရှည်တွင် အကျိုးကျေးဇူးရရှိမည်ဖြစ်ပါသဖြင့် ပြည်သူ လူထုအတွင်း ပွင့်လင်းမြင်သာစွာချပြပြီး ဆောင်ရွက်ရန် ရှိ၊ မရှိ သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက မဏိပူရ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများကို ယခင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ၂ဝဝ၄-၂ဝဝ၅ ခုနှစ်မှ စတင်ကာ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခင် နိုင်ငံတော်သမ္မတ၏ စစ်ကိုင်းတိုင်းဒေသကြီး ရေကြီးမှုဖြစ်စဉ်သို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း မဏိပူရ်စီမံကိန်း၏ တာတမံပိုင်းဆိုင်ရာ တည်ဆောက်မှုလုပ်ငန်းများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်ရန်၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းပိုင်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါသဖြင့် စိန်အင်တာပရိုက်ကုမ္ပဏီ၊ China Harbour Engineering Co.Ltd ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့ ညှိနှိုင်းဆွေးနွေး၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြ အတည်ပြုချက်ရယူပြီးပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာ ချပြဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။ 

ဆက်လက်၍ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်မရှိ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူ၍ အတည်ပြုသည်။ 

Credit To >>> The Mirror Daily

0 comments:

Post a Comment