Tuesday, July 26, 2016

ဂျပန်တွင် စိတ်ကျန်းမာရေး ဆေးရုံတစ်ခုကို လူတစ်ဦးက ဓားဖြင့် ဝင်တိုက်ခိုက်၊ ၁၉ ဦးအထိ သေဆုံး


ဂျပန်နိုင်ငံ၊ ဆာဂါမီဟာရာမြို့ရှိ စိတ်ကျန်းမာရေး ချို့တဲ့သူများကို ပြုစုစောင့်ရှောက်ရာ စင်တာတစ်ခုကို လူတစ်ဦးက ဓားဖြင့် ဝင်တိုက်ခိုက်ခဲ့ရာ ယင်းစင်တာတွင် ကုသမှု ခံယူနေသော လူနာ ၁၉ ဦးအထိ သေဆုံးခဲ့ရကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။
ယခုကဲ့သို့ လူအများအပြား သေဆုံးသည့် တိုက်ခိုက်မှုမျိုးမှာ ဂျပန်နိုင်ငံတွင် အလွန်ဖြစ်ခဲပြီး ယခုတိုက်ခိုက်မှုမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း လူအသေအပျောက် အများဆုံး တိုက်ခိုက်မှု ဖြစ်လာခဲ့သည်။

တိုက်ခိုက်မှုကို ကျူးလွန်ခဲ့သူမှာ အဆိုပါစင်တာ၏ ဝန်ထမ်းဟောင်း အမျိုးသားတစ်ဦး ဖြစ်ပြီး ကျူးလွန်ပြီးနောက်တွင် အနီးရှိ ရဲစခန်း၌ ကိုယ်တိုင်ဖြောင့်ချက်ပေး အဖမ်းခံခဲ့ကာ လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့က ၎င်းကို ဖမ်းဆီးထိန်းသိမ်းထားသည်။

ရဲများထံ ဖြောင့်ချက်ပေးရာ၌ ၎င်းအနေဖြင့် စိတ်ကျန်းမာရေး ချို့ယွင်းနေသူများ ပျောက်ကွယ်သွားစေလိုသဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အသက် ၂၆ နှစ်အရွယ် ယင်းအမျိုးသားက ပြောကြားသည်။

ယနေ့ မနက် ဒေသစံတော်ချိန် ၂ နာရီ ၃၀ မိနစ်ခန့်တွင် စင်တာရှိ ဝန်ထမ်းများက ဓားကိုင်ထားသည့် လူတစ်ဦး အဆောက်အအုံထဲ ဝင်ရောက်လာကြောင်း ရဲတပ်ဖွဲ့ထံ သတင်းပေး တိုင်ကြားခဲ့သည်။

ကျူးလွန်သူ အမျိုးသားသည် ပြတင်းပေါက်တစ်ခုကို ဖျက်ကာ ဝင်ရောက်ပြီးနောက် ဓားဖြင့် လိုက်လံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူများထဲတွင် အသက် ၁၈ နှစ်မှ အသက် ၇၀ အတွင်းရှိ လူနာများ ပါဝင်ပြီး အခြား ၂၅ ဦးခန့်မှာလည်း ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရသူများထဲမှ ၂၀ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

တိုက်ခိုက်မှု ဖြစ်ပွားသည့် စိတ်ကျန်းမာရေးဆေးရုံမှာ တိုကျိုမြို့မှ ၃၁ မိုင်ခန့် အကွာတွင် တည်ရှိပြီး တိုက်ခိုက်ခံရသည့် အချိန်တွင် လူနာ ၁၆၀ ခန့် ရှိနေခဲ့ကာ ယင်းအချိန်တွင် တာဝန်ကျဝန်ထမ်း ၈ ဦးခန့် ရှိနေခဲ့သည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment