Tuesday, July 26, 2016

မူဆယ်(၁ဝ၅)မိုင်တွင် မောဝ်ရွှေလီကုန်သွယ်မှုဗဟိုဌာန ဖွင့်လှစ်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ (၁ဝ၅)မိုင်ကုန်သွယ်ရေးဇုန်တွင် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ မောဝ်ရွှေလီကုန်သွယ်ရေးဗဟိုဌာန (Trade Center) ကို ဇူလိုင် ၂၂ရက် နံနက်ပိုင်းက မူဆယ်မြို့ (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်(အပေါ်ထပ်)၌ ဖွင့်လှစ်ရာ မြန်မာ့ကုန်သွယ် မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက အဖွင့်မှာစကား ပြောကြားသည်။

မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကုန်သွယ်မှုဗဟိုဌာနရှစ်ခုကို ဖွင့်လှစ်ပေးခဲ့ပြီး ယခု ဖွင့်လှစ်သည့် မောဝ်ရွှေလီသည် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ကိုးခုမြောက် ဖွင့်လှစ်ခြင်းဖြစ်သည်။ ထို့အပြင် ရခိုင်ပြည်နယ်တွင် သဇင်မြေကုန်သွယ်မှုဗဟိုဌာနနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာနတို့ကို ထပ်မံဖွင့်လှစ်သွားရန်အတွက် ဆောင်ရွက်လျက်ရှိသည်။
ကုန်သွယ်မှုဗဟိုဌာနများ ဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ စီးပွားရေးနှင့် ကုန်သွယ်ရေးသတင်းအချက်အလက်များ ဖြန့်ဝေပေးရန် နှင့်ကုန်သွယ်မှု မြှင့်တင်ရေးဝန်ဆောင်မှုပေးရန်တို့အတွက် ဖြစ်သည်။ မောဝ်ရွှေလီကုန်သွယ်မှုဗဟိုဌာန၏ လုပ်ငန်းစဉ်များမှာ (၁)စီးပွားရေး နှင့်ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ မေးမြန်းစုံစမ်းမှုများအား ဖြေကြားခြင်း၊ (၂) စာကြည့်တိုက် ဖွင့်လှစ်ထားရှိခြင်း၊ (၃) အီလက်ထရွန်နစ် သတင်းအချက်အလက်များ လေ့လာနိုင်ရန် စီစဉ်ပေးခြင်း၊ (၄) ကုန်သွယ်မှုဆိုင်ရာ စာအုပ်စာစောင်နှင့် CD များ ထုတ်လုပ်ဖြန့်ချိခြင်း၊ (၅) မြန်မာ့ပို့ကုန်ပြခန်း ဖွင့်လှစ်ထားရှိခြင်း၊ (၆) ပို့ကုန်ကြော်ငြာခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်း၊ (၇) ကုန်စည်ပြပွဲ ဝန်ဆောင်မှုပေးခြင်း၊ (၈) စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာဆွေးနွေး တိုင်ပင်နိုင်ရန်စီစဉ်ပေးခြင်း၊ (၉) စီးပွားရေးပညာပေး ဆွေးနွေးပွဲများ စီစဉ်ပေးခြင်း၊ (၁ဝ) ကုန်သွယ်မှုပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ (၁၁) လေ့လာရေးခရီးများစီစဉ်ပေးခြင်း၊ (၁၂) စီးပွားရေးတွေ့ဆုံ ညှိနှိုင်းပွဲများ စီစဉ်ပေးခြင်း၊ (၁၃) အမှတ်တရပို့ကုန်ပစ္စည်းများ ရောင်းချခြင်း စရှိသည့် စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှု များကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေဖြင့်လည်း ပြည်တွင်း ကုန်ပစ္စည်းများ ဈေးကွက်ရရှိရန်နှင့် ရရှိနေသည့်ဈေးကွက်များအပြင် အခြားဈေးကွက်အသစ်များ ထပ်မံရရှိရန်အတွက် နိုင်ငံပေါင်း ကိုးနိုင်ငံတွင် စီးပွားရေးသံမှူးများနှင့် ချိတ်ဆက်ပြီး ကုန်သွယ်မှုတိုး မြှင့်ရန်အတွက် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နှစ်စဉ်ကုန်စည်ပြပွဲများ ကျင်းပပြီး အလားအလာရှိသည့် ထုတ်ကုန်ပစ္စည်းများကို မှတ်တမ်းတင်၍ ရောင်းသူ၊ ဝယ်သူတို့ကို တိုက်ရိုက်ချိတ်ဆက်နိုင်အောင် Website တစ်ခုထူထောင် ဆောင်ရွက်လျက်ရှိသည်။
အိမ်နီးချင်းတရုတ်နိုင်ငံသို့ ကုန်သွယ်မှု မြှင့်တင်ရေးအတွက် အရည်အသွေးသတ်မှတ်ချက်စည်းမျဉ်း စည်းကမ်းများ၊ ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများကိုလည်း အပြန်အလှန်အသိပေးခြင်း၊ သတင်းအချက်အလက်ဖလှယ်ခြင်းများ စသည့် အချက်များကို ဆောင်ရွက်ပေးရန်လိုအပ်သည့်အတွက် ကုန်သွယ်မှုအရ အရေးပါသည့် မောဝ်ရွှေလီကုန်သွယ်မှုဗဟိုဌာနကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment