Wednesday, June 29, 2016

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မေလအထိ သစ်မှောင်ခို တန်ချိန် ၁၀၀၀၀ ကျော် ဖမ်းဆီးရမိ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မေလအထိ သစ်မှောင်ခို တန်ချိန် ၁၀၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန၊ သစ်တောဌာနမှ သိရသည်။

သစ်မှောင်ခို ထုတ်လုပ်မှုများ ဆက်လက် ဖြစ်ပေါ်နေသော်လည်း ယခင် ဘဏ္ဍာနှစ်များကထက် လျော့နည်းသွားကြောင်း သစ်တောဌာနမှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောကြားသည်။

လက်ရှိ ဘဏ္ဍာနှစ်အတွင်း ဖမ်းဆီးရမိခဲ့သည့် သစ် အမျိုးအစားများတွင် ကျွန်းသစ်မှာ အများဆုံးဖြစ်ကြောင်း၊ အလုံးလိုက် တန်ချိန် ၃၅၈၃ နှင့် ခွဲသားတန်ချိန် ၉၅၄ တန်ရှိကြောင်း သိရသည်။

သစ်ဖမ်းဆီးရေး စီမံချက်များ အနေဖြင့် ပြည်နယ်နှင့် တိုင်းအလိုက် လစဉ် စီမံချက်များဖြင့် ဖမ်းဆီးနေပြီး သစ်မှောင်ခို ထွက်ရှိသည့် အဓိက နေရာဖြစ်သော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် အထူးစီမံချက်ဖြင့် ဖမ်းဆီးရေး လုပ်ဆောင်နေကြောင်း သိရသည်။

ယင်းအပြင် သစ်တောဦးစီး ဌာန၏ အစီအစဉ်ဖြင့် သတင်းရလျှင် ရသလို ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း၊ အချို့လုံခြုံရေး မကောင်းသည့် ဒေသများတွင် တပ်မတော်၊ သစ်တောရဲနှင့် တပ်မတော်၏ အကူအညီ ရယူပြီး ဖမ်းဆီးရေးများ ပြုလုပ်နေသည်ဟု သစ်တောဦးစီး ဌာနမှ ထုတ်ပြန်ထားသည်။

ယင်းအပြင် မြန်မာနိုင်ငံ၏ သစ်ထွက်ရှိနိုင်မှု အခြေအနေမှာ အဆိုးရွားဆုံး ဖြစ်နေပြီး တရားဝင် သစ်ထုတ်လုပ်မှုကို အကြီးအကျယ် လျှော့ချနေရကြောင်း အမြဲတမ်း အတွင်းဝန် ဦးခင်မောင်ရီက ယခုနှစ် ဇန်န၀ါရီ ၁၂ ရက် က သုံးသပ် ပြောကြားထားသည်။

ယခင်ဘဏ္ဍာနှစ်က သစ်မှောင်ခို တန်ချိန် ၄၆၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး ကျွန်း အပါအ၀င် အခြားတန်ဖိုးရှိ သစ်အများအပြား ပါဝင်ခဲ့ကြောင်း၊ အလုံးလိုက် သစ်ခိုးထုတ်မှု များပြားခဲ့ကြောင်း သိရသည်။

လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွင်း ကျွန်းနှင့် သစ်မာ ထုတ်လုပ်မှု လုံးဝ ရပ်ဆိုင်းသွားမည်ဖြစ်ပြီး လာမည့်နှစ်များတွင်လည်း ပြည်တွင်း လိုအပ်ချက် အတွက်သာ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ဇွန် ၁၃ ရက်တွင် ပြုလုပ်သော သစ်တောများ ပြန်လည် ထူထောင်ခြင်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းဝင်းက ဆိုသည်။

FRA 2015 အရ မြန်မာနိုင်ငံ ဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းတွင် သစ်တောများ ဖုံးလွှမ်းလျက် ရှိသော်လည်း သစ်တော ဖုံးလွှမ်းမှု ရာခိုင်နှုန်း လျော့နည်းလာခြင်းမှာ သစ်အလွန်အကျွံ ထုတ်လုပ်ခြင်း၊ လူဦးရေ တိုးတက် များပြားလာသည်နှင့်အမျှ မြို့ရွာများ တိုးချဲ့လာခြင်း၊ အခြားမြေ အသုံးချမှု ပြောင်းလဲခြင်း၊ သစ်၊ တိုင်၊ မျော၊ ထင်း၊ မီးသွေးများ တိုးမြှင့် ထုတ်လုပ်လာခြင်းအပြင် တရားမ၀င် သစ်ခိုးယူ ထုတ်လုပ်သည်လည်း တစ်ခု အပါအ၀င် ဖြစ်သောကြောင့် သစ်တော သယံဇာတများ လေလွင့် ဆုံးရှုံးမှု မဖြစ်ရန် တရားမ၀င် သစ်ဖမ်းဆီးရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်မှသာ မြန်မာနိုင်ငံ၏ အဖိုးတန် သစ်တောများအား စနစ်တကျ စီမံအုပ်ချုပ်နိုင်ပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်း ကာကွယ်နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သဘာဝ သယံဇာတ အရင်းအမြစ်များ ထုတ်ယူ သုံးစွဲရာတွင် အကန့်အသတ် ရှိသည်နှင့်အညီ စနစ်တကျ ထုတ်ယူသုံးစွဲရန် အရေးကြီးခြင်းကြောင့် သစ်တောပြန်လည် တည်ထောင်ရေး စီမံကိန်းကို ငါးနှစ်စီမံကိန်း နှစ်ကြိမ် စုစုပေါင်း ၁၀ နှစ် စီမံကိန်းနှင့် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်ထားပြီး စီမံကိန်းကာလ ပြီးဆုံးချိန်တွင် သိသာ ထင်ရှားသော ရလဒ်၊ နိုင်ငံတကာ အသိအမှတ်ပြု လက်ခံနိုင်သော ရလဒ်အဖြစ် မှတ်ကျောက် အတင်ခံနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သစ်တောများ ပြန်လည် တည်ထောင်နိုင်ရေးအတွက် မြန်မာ့ကျွန်းသစ် မူရင်းဒေသဖြစ်သော ပဲခူးရိုးမကို ခရိုင်သစ်တော အုပ်ချုပ် လုပ်ကိုင်မှု စီမံကိန်းအဖြစ် ၁၀ နှစ်အထိ ကျွန်းနှင့် သစ်မာ ထုတ်လုပ်ခြင်း မပြုဘဲ အနားပေး ဆောင်ရွက်သွားရန် ဆွေးနွေးထားပြီး ကျန်ဒေသ အသီးသီးမှ ကျွန်းနှင့် သစ်မာများကိုလည်း သတ်မှတ်နှစ်စဉ် တောထွက် ပမာဏအောက် သိသိသာသာ လျှော့ချပြီး ပြည်တွင်း လိုအပ်ချက် အတွက်သာ ထုတ်လုပ်သွားရန် မူဝါဒ ချမှတ်ထားသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment