Friday, June 3, 2016

ကိုးကန့်၊ တအာင်း၊ ရခိုင်အဖွဲ့များနှင့်ပါ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးမည်

အပစ်ရပ်စာချုပ်ကို လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကို
လာမည့် ရက်သတ္တပတ်၌ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ သွားရောက်တွေ့ဆုံ ရာတွင် ယခင်အစိုးရက
အသိအမှတ်မပြုခဲ့သည့် အဖွဲ့သုံးဖွဲ့နှင့်ပါ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အစိုးရသစ်၏
ငြိမ်းချမ်းရေး ကိုယ်စားလှယ်များက ပြောသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (တအာင်းအဖွဲ့)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု
အမျိုးသားပါတီ (ကိုးကန့်အဖွဲ့)နှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ရခိုင်အဖွဲ့)တို့နှင့်လည်း
တွေ့ဆုံဆွေးနွေးမည်ဟု အကြောင်းကြားထားကြောင်းနှင့် တွေ့ဆုံဆွေးနွေးမည့် နေ့ရက်ကို
ညှိနှိုင်းနေပြီး ရက်ပိုင်းအတွင်း သတ်မှတ်သွားမည်ဖြစ်ကြောင်း ၂၁ ရာစုပင်လုံ အကြို ပြင်ဆင်ရေး
ကော်မတီဝင်တစ်ဦးဖြစ်သူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး က ပြောသည်။
"သူတို့ကိုတော့ တွေ့ချင်တယ်၊ စကားပြောချင်တယ်လို့ အကြောင်းကြားထားတယ်။ သူတို့ဘက်က
လိုလားချက်က ဘာတွေရှိလဲဆိုတာတွေ ဆွေးနွေးကြမယ်။ နောက်တစ်ပတ်ထဲမှာ သွားတွေ့ဖို့တော့
ရှိပါတယ်" ဟု ၎င်းက ပြောသည်။
ထို့ပြင် တရုတ်မြန်မာနယ်စပ်ရှိ အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့သည့်
ဝပြည်သွေးစည်းညီညွှတ်ရေးပါတီနှင့် မိုင်းလားအဖွဲ့တို့နှင့်လည်း တွေ့ဆုံဆွေးနွေးရန် တစ်ပြိုင်နက်
ကြိုးပမ်းနေကြောင်း ဦးခင်ဇော်ဦးက ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီနှင့် ဆပ်ကော်မတီ
နှစ်ခုကို ဖွဲ့စည်းကြောင်းနှင့် ၎င်းတို့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ကြောင်း
အမိန့်ကြေညာချက်အား နိုင်ငံတော်သမ္မတရုံးက မေ ၃၁ ရက် တွင် ထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီကို အစိုးရ၊
လွှတ်တော်နှင့် တပ်မတော်မှ တာဝန်ရှိသူများနှင့် ဖွဲ့စည်းပြီး အစိုးရ၏ ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းရေး
တာဝန်ခံ ဒေါက်တာတင်မျိုးဝင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်
အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီတွင် ဆပ်ကော်မတီနှစ်ခုရှိပြီး ဆပ်ကော်မတီ (၁)ကို
အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ
ဆောင်ရွက်သွားမည်ဖြစ်ကာ ယင်းဆပ်ကော်မတီတွင် အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားသော
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း ပါဝင်သည်။
ယင်းဆပ်ကော်မတီ၏ တာဝန်မှာ နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွင် ပါရှိသော ဆွေးနွေးပွဲ
ခေါင်းစဉ်များကို ကျစ်ကျစ်လျစ်လျစ် ရှိစေရေးအတွက် ဆွေးနွေးညှိနှိုင်းရန်၊ မူဘောင်ကို
ပြန်လည်သုံးသပ်ခြင်း ဆောင်ရွက်ရန်နှင့် ညီလာခံပူးတွဲကျင်းပရေး ကော်မတီတစ်ရပ်
ပေါ်ပေါက်ရေးအတွက် ဆွေးနွေးညှိနှိုင်းရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့်
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များကို ဆွေးနွေးကြမည်ဟု ယခင်အစိုးရလက်ထက်က
ရေးဆွဲခဲ့သည့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တွင် ထည့်သွင်းထားသော်လည်း နိုင်ငံရေးနှင့် လုံခြုံရေး
ကိစ္စရပ်များကိုသာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင်
ဆွေးနွေးစေလိုကြောင်း လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုအပြီးတွင် ပြောသည်။
ဆပ်ကော်မတီ (၂)ကို ဒေါက်တာတင်မျိုးဝင်းက ဦးဆောင်မည်ဖြစ်ပြီး ယင်း၏ တာဝန်မှာ
အပစ်ရပ်စာချုပ်ကို လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်
တွေ့ဆုံကာ ယင်းအဖွဲ့အစည်းများကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ပါဝင်လာစေရန်
အစိုးရနှင့် တပ်မတော်တို့၏ လမ်းညွှန်ချက်များနှင့်အညီ တွေ့ဆုံဆွေးနွေးရန်နှင့် ညှိနှိုင်းအဖြေရှာရန်
ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အပစ်ရပ်စာချုပ် လက်မှတ်မရေးထိုးထားသည့် အဖွဲ့အများစုပါဝင်သည့် ညီညွှတ်သော တိုင်းရင်းသား
လူမျိုးများ ဖက်ဒရယ်ကောင်စီကလည်း အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့်
တွေ့ဆုံဆွေးနွေးရန် အတွက် ပြင်ဆင်သည့်အနေဖြင့် အစည်းအဝေးတစ်ရပ်ကို ထိုင်းနိုင်ငံ၊
ချင်းမိုင်မြို့ တွင် ကျင်းပလျက်ရှိသည်။
Credit To >>> The Myanmar Times

0 comments:

Post a Comment