Thursday, June 23, 2016

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံနှင့် အစိုးရသစ်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများပါဝင်မည်

အစိုးရသစ်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ (CSOs)ပါဝင်ရန်အတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ (၁၃) ကြိမ်မြောက် ငြိမ်းချမ်းရေး ဖိုရမ်ကို ရန်ကုန်မြို့မင်းရဲကျော်စွာလမ်းရှိ ပန်ဒါဟိုတယ်၌ ဇွန် ၂၁ ရက်မှ ၂၂ ရက်အထိ နှစ်ရက်တိုင် ကျင်းပခဲ့သည်။

နှစ်ရက်တာအစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အနေအထားများ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆက်လက်လုပ်ဆောင်လျက်ရှိသည့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအကြောင်းတို့ကို ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေးကော်မတီဝင်များက ရှင်းလင်းခဲ့ကြောင်း သိရသည်။
အရပ်ဘက်လူမှုအဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ် လုပ်ငန်းကော်မတီဝင် မရန်ဂျော်ဂွန်းက ''ပထမနေ့က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ နဲ့ပတ်သက်ပြီးမှ ပြင်ဆင်ဆောင်ရွက်ထားတဲ့အနေအထား တွေကို ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေးကို ဖိတ်ခေါ် ရှင်းပြစေပါတယ်။ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးထားတဲ့ လုပ်ငန်းစဉ်တွေကိုတော့ ဒေါက်တာ မင်းဇော်ဦးက လာရောက်ရှင်းလင်းပြောကြားထားတဲ့ အချက်တွေရှိပါတယ်။ ၂၁ ရာစု ပင်လုံကျင်းပတာနဲ့တကွ CSO ဖိုရမ်ကျင်းပဖို့ ကျွန်တော်တို့ ဘယ်လိုတွေ ပြင်ဆင်ဆောင်ရွက်ထားရမယ်။ ကျွန်တော်တို့က ဘယ်လို ပုံစံနဲ့ပါဝင်နိုင်မလဲ၊ ကျွန်တော်တို့အခန်းကဏ္ဍက ဘာတွေ လဲဆိုတာကို ဆွေးနွေးကြတာဖြစ်ပါတယ်''ဟုပြောသည်။
ဆက်လက်၍ ၎င်းက ''ဒုတိယ ရက်ကတော့ လက်ရှိငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စာချုပ်တွေအပေါ်မှာ လေးစားလိုက်နာမှုရှိ၊ မရှိနဲ့ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ရဲ့အခန်းကဏ္ဍတွေကို အတိအကျသိဖို့လိုတော့ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင်ကြည့်ရေးကော်မတီ ပြည်ထောင်စုအဆင့် (JMCU) က အလှည့်ကျ ဒုတိယ ဥက္ကဋ္ဌ(၂)ဖြစ်တဲ့ ဦးကိုကိုကြီးကို ကျွန်တော်တို့က ရှင်းလင်း ခိုင်းပါတယ်။ နှစ်ရက်တာရဲ့ ဆွေးနွေးမှုရလဒ်တွေကိုတော့ သက်ဆိုင်ရာတွေကို တင်ပြမှာဖြစ်ပါတယ်''ဟု ဆိုသည်။
(၁၃)ကြိမ်မြောက် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဖိုရမ်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်၊ တစ်နိုင်ငံလုံး အတိုင်း အတာအလိုက် CSOs များ လုပ်ဆောင်နေမှုများအား စုစည်းတင်ပြနိုင်ခဲ့ကြောင်း အဆိုပါဖိုရမ်မှ သိရသည်။
အရပ်ဘက်လူမှုအဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ်(CS FoP)လုပ်ငန်းကော်မတီဝင် ဦးသွင်လင်းအောင်က ''အစိုးရသစ်လက်ထက်မှာတော့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်စပြောလာတဲ့ ၂၁ ရာစု ပင်လုံညီလာခံနဲ့အပြိုင် အရပ်ဘက်လူမှုအဖွဲ့အစည်းဖိုရမ်ကို ကျင်းပဖို့စပြောတဲ့ အချိန်မှာ ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံနဲ့အပြိုင် ကျွန်တော်တို့ CSO ဖိုရမ်လုပ်ဖို့ဆိုတာက အချိန်ကတော့ ကျွန်တော်တို့အတွက် ဖိအားဖြစ်တယ်။ တစ်ဖက်မှာလည်း ၂၁ ရာစုပင်လုံကို သြဂုတ်လမှာ စမယ်ဆို ဒီဘက် (TOR) ဖိုရမ်မှာလည်း ပြည်သူလူထုရဲ့ကဏ္ဍစုံပါဝင်ဖို့တစ်ခု၊ ဖိုရမ် ကျင်းပဖို့အတွက် အသံတွေစုဖို့အတွက် စည်းမျဉ်း စည်းကမ်း (CSO) တွေဆွဲဖို့က တစ်ခုဆိုတော့ အဲဒီဖိအား တွေတော့ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနည်းဆုံး မှန်းတာက ၂၁ ရာစု ပင်လုံမစခင် အဲဒီစည်းမျဉ်း၊ စည်းကမ်းတွေ ဆွဲနိုင်မယ်လို့ ယုံကြည်တယ်။
၂၁ ရာစုပင်လုံ ညီလာခံသည်ပင် တစ်ကြိမ်တည်းနဲ့ ပြီးမှာ မဟုတ်တော့ ကျွန်တော်တို့ ဖိုရမ်တွေလိုဟာတွေ ကတော့ ဆက်ပြီးလုပ်သွားရမယ်လို့ယူဆတယ်။ နိုင်ငံတော် ၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုတာ တစ်ချိန်က လူထုခေါင်းဆောင် အဖြစ် လူထုဘက်က ရပ်ခဲ့တာပဲ။ ဘာပဲဖြစ်ဖြစ် လူထု ကောင်းအောင် လုပ်ဆောင်သွားမယ်လို့ ယုံလဲယုံကြည် တယ်၊ မျှော်လဲမျှော်လင့်ပါတယ်''ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံတွင် CSOs ပါဝင် ဆောင်ရွက်မည့် အခန်းကဏ္ဍနှင့်ပတ်သက်၍ ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အတွက် နိုင်ငံရေးဆွေးနွေးပွဲတွင် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့သဘာဝပတ်ဝန်းကျင် အဓိက ကဏ္ဍ ငါးခုပါဝင်မည်ဖြစ်ပြီး နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍ မပါဝင်ဘဲ ကျန်သည့်ကဏ္ဍသုံးခုတွင် CSO များကို အလေးထားပြီး ပါဝင်ဆွေးနွေးရန် အကြမ်းဖျင်း စဉ်းစားထား ကြောင်း အဆိုပါဖိုရမ်မှ သိရသည်။
မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးကဏ္ဍအရေးကြီးသည် နှင့်ပတ်သက်၍ Myanmar Political Analyst မှ ဦးရန်ကျော်က ''ငြိမ်းချမ်းရေးကို မနက်ဖြန်ရရင်မနက်ဖြန် လိုချင်တာပေါ့။ မြန်မြန်ရလေ ကောင်းလေပဲ။ ငြိမ်းချမ်းရေး မှာ ကျွန်တော်တို့ကိုယ်စွမ်း၊ ဥာဏ်ရှိသလောက် လုပ်နေတာ။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆို အဲ့ဒီနိုင်ငံက နိုင်ငံရေး တည်ငြိမ်မှုရှိရမယ်။ နိုင်ငံရေးတည်ငြိမ်ဖို့ဆိုရင် အပစ် အခတ် မရှိရဘူး။ ပဋိပက္ခမရှိရဘူး။ နိုင်ငံရေး မတည်ငြိမ်ရင် အဲ့ဒီတိုင်းပြည် တစ်သက်လုံး မကြီးပွားဘူး။ ဒါတွေက ကွင်းဆက်တွေပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကဏ္ဍငါးခုမှာ ကျွန်တော်တို့က စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့သဘာဝ ပတ်ဝန်းကျင်မှာပါတယ်ဆိုပေမယ့် တိတိကျကျ ထွက်မလာ သေးဘူး။ တိတိကျကျ ထွက်လာမှ သိရမှာပါ။ အခုချိန်ထိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တော့ မတွေ့ရသေးပါ ဘူး''ဟု ပြောသည်။
အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပရခြင်း၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေးဖော်ဆောင်ရေးဖြစ်စဉ်အား ထိထိရောက်ရောက် အထောက်အကူပြုနိုင်ရန်၊ လူထုအခြေပြုအဖွဲ့အစည်းများ ဦးဆောင်သည့် ဆွေးနွေးပွဲများ ပေါ်ပေါက်လာရေးနှင့် ကျယ်ပြန့်လာရေးဖြစ်ပြီး ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဖြစ်စဉ်တွင် ပါဝင်သည့် လူထုအခြေပြု အဖွဲ့အစည်းများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာစေရန်၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဖြစ်စဉ်တွင် လူထုအခြေပြု အဖွဲ့အစည်းများ၏အခန်းကဏ္ဍ ပိုမို ကျယ်ပြန့်လာစေရန်၊ လူထုအခြေပြုငြိမ်းချမ်းရေး ဆွေးနွေး ပွဲများတွင် အောက်ခြေလူထုနှင့် လူထုအခြေပြု အဖွဲ့ အစည်းများ ပိုမိုထိရောက်စွာပါဝင်နိုင်ရန်နှင့် အရည် အသွေးမြှင့်တင်ပေးနိုင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်များ အရသိရသည်။
အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး ဖိုရမ်ကို ၂ဝ၁၂ ခုနှစ် သြဂုတ်လမှ စတင်၍ ကျင်းပလာခဲ့ ခြင်းဖြစ်သည်။
Credit To >>> The Mirror daily

0 comments:

Post a Comment