Wednesday, June 1, 2016

ကမ္ဘာ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးသော စီးပွားရေးမြို့ရွာနိုင်ငံတွေ စာရင်းမှာ ဟောင်ကောင်က ထိပ်ဆုံးက ဦးဆောင်နေ

စီးပွားရေးလုပ်ဆောင်တဲ့နေရာမှာ တရုတ်ပြည်မကြီးနဲ့ ဒေသတွင်း ပြိုင်ဘက်တွေကို အရေးနိမ့်ရတော့မယ့်အခြေအနေမျိုးအတွက် စိုးရိမ်ပူပန်နေခဲ့ရပေမယ့် ဟောင်ကောင်ဟာဆိုရင် လက်ရှိအချိန်မှာ ကမ္ဘာ့ယှဉ်ပြိုင်မှုအပြင်းထန်ဆုံးသော စီးပွားရေး မြို့အဖြစ် ရပ်တည်နေနိုင်တယ်လို့ ထုတ်ပြန်ချက်တစ်စောင်က ဆိုထားပါတယ်။
IMD world competitiveness centre က ထုတ်ပြန်တဲ့ စစ်တမ်းအရတော့ ယခုနှစ်အတွက် ကမ္ဘာပေါ်မှာ အပြင်းအထန်ယှဉ်ပြိုင်မှုတွေ လုပ်ဆောင်နိုင်တဲ့ မြို့၊ နိုင်ငံတွေစာရင်းမှာ ဟောင်ကောင်က ထိပ်ဆုံးကရပ်တည်ခဲ့တယ်လို့ သိရပါတယ်။
စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့အတွက် အခွန်ပေးဆောင်ရတဲ့ စနစ် ရိုးရှင်းမှုနဲ့ နိုင်ငံခြား ငွေလုံးငွေရင်းတွေ စီးဝင်မှုပိုင်းမှာလည်း အစိုးရရဲ့ ကန့်သတ်ထိန်းချုပ်မှုတွေ ရှိမနေတာကြောင့် ဟောင်ကောင်ဟာ စီးပွားရေးလုပ်ဖို့အခွင့်အလမ်းအများဆုံးပေးနိုင်ပြီးတော့ ယခုလိုမျိုး ထိပ်ဆုံးနေရာမှာ ရှိနေတယ်လို့ အထက်ပါ စစ်တမ်းမှာ ဆိုထားပါတယ်။
ဘဏ္ဍာရေးပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှု၊ အစိုးရတစ်ရပ်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်၊ စီးပွားရေး စွမ်းဆောင်ရည်နဲ့ အခြေခံအဆောက်အအုံ ပိုင်း စတဲ့ ကဏ္ဍလေးခုနဲ့ပတ်သက်လို့ စီးပွားရေး လုပ်ငန်းတွေက အမှုဆောင်အရာရှိ ၅,၄၀၀ ကျော်ကို စစ်တမ်းတစ်ရပ်မေးမြန်းကောက်ယူခဲ့တာဖြစ်ပါတယ်။
ဟောင်ကောင်ဟာဆိုရင် ဒေသတွင်း စိန်ခေါ်မှုတွေကို ကျော်လွားနိုင်ခဲ့တာက ယင်းရဲ့ စီးပွားရေးနဲ့ အကျွမ်းတ၀င်ဖြစ်နေတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနိုင်ခဲ့လို့ ဖြစ်တယ်ဆိုပြီးတော့လည်း IMD ဒါရိုက်တာ ပါမောက္ခ Arturo Bris က ပြောသွားပါတယ်။
ဟောင်ကောင်ဟာ တရုတ်ပြည်မကြီးဆီမှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့အတွက် အဓိက ၀င်ထွက်ပေါက်ဖြစ်နေသလို ယင်းဆီမှာ ကမ္ဘာ့စီးပွားရေး ငွေလုံးငွေရင်းဈေးကွက်တွေ ၀င်ရောက်လုပ်ကိုင်နိုင်မယ့်အခွင့်အရေးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ယခုစစ်တမ်းမှာတော့ ယခင်က နံပါတ်တစ်နေရာမှာ ရပ်တည်ထားနိုင်ခဲ့တဲ့ အမေရိကန်ဟာဆိုရင် ယခု နှစ်မှာ တတိယနေရာအထိ ထိုးကျသွားခဲ့ပြီးတော့ ဆွစ်ဇာလန်နောက်မှာ ရပ်တည်နေပါတယ်။ အလားတူ စတုတ္ထနေရာမှာတော့ စင်ကာပူနိုင်ငံက ရပ်တည်နေတယ်လို့ သိရပါတယ်။

Credit To >>>SFJ Strategy First Journal

0 comments:

Post a Comment