Friday, June 10, 2016

ပါကစ္စတန်ရထားလမ်းကွန်ရက်တိုးချဲ့ရေးနှင့် ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေး တရုတ်ရင်းနှီးမြှုပ်နှံမည်

ပါကစ္စတန်နိုင်ငံ၏ ရထားလမ်းကွန်ရက်အဆင့်မြှင့်တင် နိုင်ရေးနှင့် အီရန်နိုင်ငံနှင့် ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်နိုင်ရေးအတွက် တရုတ်နိုင်ငံက ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇွန် ၉ ရက်တွင် သတင်း ထုတ်ပြန်သည်။

ပါကစ္စတန်နိုင်ငံ၌ လုပ်ငန်းစီမံကိန်းကြီးများအတွက် ခွင့်ပြုပေးလျက်ရှိသော ဗဟိုဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့သည် ဒေါ်လာ ၁ဝ ဘီလီယံတန်ဖိုးရှိ စီမံကိန်းလုပ်ငန်းနှစ်ခု အတွက် ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း။ တရုတ်နိုင်ငံသည် လုပ်ငန်းစီမံကိန်းနှစ်ခုအတွက် ကျခံသုံးစွဲရမည့် ငွေကြေး ပမာဏ၏ ၈၅ ရာခိုင်နှုန်းဖြစ်သော အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံကို ချေးငွေများအဖြစ် ထုတ်ပေးမည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။
ပါကစ္စတန် ရထားလမ်းကွန်ရက် တိုးချဲ့ရေးနှင့် ဟာဗီလီယန်မြို့အနီးရှိ ပြည်တွင်းရေကြောင်းဆိပ်ကမ်း တစ်ခု တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၈ ဒသမ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း၊ တရုတ် အစိုးရအဖွဲ့က အမေရိကန်ဒေါ်လာ ၇ ဘီလီယံကို အထူး ချေးငွေအဖြစ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း အိပ်စပရက် ထရီဗြွန်းသတင်းစာက ရေးသားဖော်ပြသည်။
တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့၏ စီးပွားရေးစင်္ကြံ လမ်းအမည်ရှိ အစီအစဉ်အရ အမေရိကန် ဒေါ်လာ ၄၆ ဘီလီယံတန်ဖိုးရှိ လုပ်ငန်းစီမံကိန်းများကို အကောင် အထည်ဖော်သွားမည်ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် ဧပြီလ အတွင်းက ပါကစ္စတန်နိုင်ငံသို့ တရုတ်သမ္မတ လာရောက်ချိန်အတွင်း အဆိုပါအစီအစဉ်နှင့်ပတ်သက်၍ မူဘောင် သဘောတူညီချက်ရရှိခဲ့သည်။
ပါကစ္စတန်နိုင်ငံ ဘလူချီစတန်ပြည်နယ် ကမ်းရိုးတန်း ၏ အနောက်တောင်ဘက်ရှိ နာဝါဒါပင်လယ်ဆိပ်ကမ်းမြို့ နှင့် ဆင်းပြည်နယ်ရှိ နာဝက်ရှားမြို့တို့ကို ဆက်သွယ်မည့် ဓာတ်ငွေ့ရည် ထောက်ပံ့ရေးစခန်း တည်ဆောက်ခြင်းနှင့် ပိုက်လိုင်းတည်ဆောက်ခြင်း စီမံကိန်းဆောင်ရွက်ရန်လည်း မူအားဖြင့် သဘောတူညီထားသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment