Wednesday, June 5, 2013

ထိုင်း Paya တက္ကသိုလ်နှင့် မုံရွာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အပြန်အလှန်စေလွှတ်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Paya တက္ကသိုလ်နှင့် မုံရွာတက္ကသိုလ် မှ ကျောင်းသားများအား ဇူလိုင်လ ၁၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ Student Exchange Program အဖြစ် နှစ်ပတ်ကြာ အပြန်အလှန် စေလွှတ် ၍ လေ့လာစေမည်ဖြစ်ကြောင်း မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဝင်းနိုင်က ပြောကြားသည်။
...
ယင်းအစီအစဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ၏အစီအစဉ်ဖြင့် တက္ကသိုလ်နှစ်ခု ချိတ်ဆက် လုပ်ဆောင်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ မှ ကျောင်းသား ၁၅ ဦးအား မုံရွာတက္ကသိုလ်သို့ စေလွှတ်မည်ဖြစ်ကာ မုံရွာတက္ကသိုလ်မှလည်း အုပ်ချုပ်သူအပါအဝင် ကျောင်းသား ၁၄ ဦးနှင့် ဇေယျာပဒေသာဖောင်ဒေးရှင်းမှတစ်ဦး စုစုပေါင်း ၁၅ ဦးအား ဇူလိုင်လ အတွင်းတွင် ထိုင်းနိုင်ငံသို့ စေလွှတ်သွားရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ထိုင်းနိုင်ငံကိုစေလွှတ်ဖို့က ဇွန်လ ၃ ရက်နေ့မှာ ရေးဖြေစာမေးပွဲ စစ်ပြီး သွားပါပြီ။အဓိကကတော့ အင်္ဂလိပ်စာ၊ ဥပဒေ၊ သမိုင်းနဲ့ နိုင်ငံတကာရေးရာ ဌာနက ပထမနှစ်ဂုဏ်ထူးတန်း၊ နောက်ဒုတိယနှစ် ဂုဏ်ထူးတန်းနဲ့ ပထမနှစ် မဟာတန်း၊ ဒုတိယနှစ် မဟာတန်းတွေက ကျောင်းသား ကျောင်းသူတွေ ကို ခေါ်တာပါ။လျှောက်ထားသူတွေကို ရွေးချယ်ပြီးတာနဲ့ တစ်လ သင်တန်း ပေးသွားမှာပါ” ဟု ရွေးချယ်ရေးနှင့် သင်တန်းများ အတွက် ပြင်ဆင်နေသည့် မုံရွာတက္ကသိုလ်မှ ဆရာတစ်ဦးက ပြောကြား သည်။

ထိုင်းနိုင်ငံမှ ကျောင်းသားများသည် မုံရွာတက္ကသိုလ်သို့ လာရောက်လေ့လာ စဉ်အချိန်တွင် မြန်မာနိုင်ငံမှ လူမျိုးစုများ၏ ယဉ်ကျေးမှုများ၊ နံရံဆေးရေး ပန်းချီများ၊ ကျောက္ကာဒေသရှိ ယွန်းထည်လုပ်ငန်းများ၊ ဖိုလ်ဝင်တောင်ဒေသ ရှိ ကျောက်လိုဏ်ဂူများ၊ ကျေးလက်ဒေသတွင် နေထိုင်ကြသူများ၏ လူမှုဘဝ များနှင့် ဒေသတွင်း သမိုင်းကြောင်းများ၊ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာ များကို လေ့လာလိုကြောင်း ကြိုတင်၍ ကမ်းလှမ်းထားမှုများရှိကြောင်း မုံရွာတက္ကသိုလ်ထံမှ သိရသည်။

လက်ရှိ ထိုင်းကျောင်းသားများ မုံရွာတက္ကသိုလ်သို့ နှစ်ပတ်ကြာ လာရောက်လေ့လာမည့် ခရီးစဉ်မှာ မုံရွာတက္ကသိုလ် သမိုင်းတစ်လျှောက် ပထမဆုံး ခရီးစဉ်ဖြစ်ပြီး နှစ်ဖက်ကျောင်းသား ကျောင်းသူများအတွက် အကျိုးရှိသောခရီးစဉ် ဖြစ်လာမည်ဖြစ်ကြောင်း မုံရွာတက္ကသိုလ်မှ ဆရာ တစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment