Friday, June 10, 2016

မော်တော်ယာဉ်ဥပဒေ ပြင်ဆင်ရေးဆွဲရန် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၌ ဆွေးနွေးပွဲကျင်းပ


ခေတ်စနစ်နှင့်အညီ တည်ဆဲမော်တော်ယာဉ် ဥပဒေကို ပြင်ဆင်ရေးဆွဲရန်အတွက် အခြေခံသင့်သည့် အချက်အလက်များနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲ၌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီဝင်များ၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာ့ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များ အသင်း၊ တရားဝင်အသိအမှတ်ပြု မော်တော်ယာဉ်ဖြန့်ဖြူးရောင်းချသူများ အသင်းတို့မှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
''အခွန်ကို နည်းနည်းလျှော့စေချင်တယ်။ ကားအမည်ပေါက်ပြောင်းရတဲ့ အဆင့်တွေကို လျှော့ချပြီး လွယ်ကူအောင် လုပ်ကိုင်ခွင့်ရချင်ပါတယ်။ ကားပါ ကင် ကိစ္စကိုလည်း ကားဝယ်ရင် ထောက်ခံချက်ပါမှ တစ်ခုတည်းနဲ့ မဖြေရှင်းဘဲ အထပ်မြင့်တွေဆောက်ရင် ကားရပ်ဖို့နေရာပါထည့်ပြီးဆောက်ဖို့ ဥပဒေအရလည်း ပြဋ္ဌာန်းသင့်ပါတယ်''ဟု ရန်ကုန်မြို့မှ မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။
''အနှေးယာဉ်၊ အမြန်ယာဉ်ရယ်လို့ မခွဲခြားဘဲ မှားတဲ့သူကို အရေးယူ စေချင်ပါတယ်။ လူကူးမျဉ်းကျားကို မကူးလို့ ယာဉ်အန္တရာယ်ဖြစ်ရင် ကူးတဲ့သူ ကိုပါ အရေးယူစေချင်ပါတယ်။ နိုင်ငံတကာမှာလို တက္ကစီတွေကိုလည်း သူ့စတန်းနဲ့သူ စနစ်တကျ ရပ်စေချင်ပါတယ်။ တက္ကစီတွေကို တွေ့ရာနေရာမှာ မတားသင့်သလို ရပ်ရင်လည်း စနစ်တကျရပ်ပြီး ခရီးသည်တင်သင့်ပါတယ်။ နောက်လမ်းပေါ်မှာ နေရာဦးပြီး စားသောက်ဆိုင်ဖွင့်တာတွေ၊ မရပ်ရ ဆိုပြီး ဆိုင်းဘုတ်ထောင်နေတာတွေကိုလည်း ရှင်းပေးရမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ ကားသမားတွေ အဆင်ပြေအောင် ပြင်ဆင်ပေးသင့်ပါတယ်။ ကျောင်းတွေမှာ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် သင်ကြားပေးစေချင်ပါတယ်။ သူတို့အရွယ်ရောက်လာရင် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းကို ဘယ်လို လိုက်နာရမယ်ဆိုတာကို သိတဲ့အတွက် အနာဂတ်ပိုကောင်းမှာ ဖြစ်ပါတယ်''ဟု ဖူဂျီတီဗွီမှ သတင်းထောက် ဒေါ်အိအိတင်က ပြောသည်။
''မြို့လယ်က လမ်းလယ်တုံးတွေကို ဖယ်ရှားပြီး သံဆန်ခါနဲ့ စည်းခြားဖို့ လိုပါတယ်။ ကားပါကင်ပါတဲ့ အိမ်ရာတွေပဲ ဆောက်ခွင့်ပြုဖို့ လိုပါတယ်'' ဟု သီးသန့်အငှားယာဉ်မောင်း ကိုလင်းဖြိုးမောင်က ပြောကြားသည်။
မြန်မာနိုင်ငံ၌ မော်တော်ယာဉ်ဥပဒေကို ၁၉၆၄ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၁၇ အဖြစ် ပြဋ္ဌာန်းခဲ့ပြီး ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ ၇ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၅၅ ဖြင့် ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment