Monday, June 13, 2016

ပုဂ္ဂလိကရေနံဓာတ်ငွေ့ရည် လက်လီအရောင်းဆိုင်များကို ပထမအကြိမ်အဖြစ် ယာယီလိုင်စင်စတင်ထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီးရှိ ပုဂ္ဂလိကရေနံဓာတ်ငွေ့ရည် လက်လီအရောင်းဆိုင်များကို ပထမဆုံးအကြိမ်အဖြစ် ယာယီလိုင်စင်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်းမှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်သော်က ပြောသည်။

''ယာယီလိုင်စင်ထုတ်ပေးတယ်ဆိုတာက စနစ်တကျနဲ့ စည်းကမ်းရှိဖို့အတွက်ပါ။ ယာယီလိုင်စင်ရဲ့ သက်တမ်း က ၂ဝ၁၆ ဒီဇင်ဘာ ၃၁ ရက်အထိပါ။ အခုထုတ်ပေးတဲ့ လိုင်စင်က ပိုက်ဆံပေးစရာမလိုပါဘူး။ အောက်တိုဘာ၊ နိုဝင်ဘာလောက်မှာ ကျွန်တော်တို့စနစ်တကျဖြစ်အောင် ကွင်းဆင်းပြီးစစ်မယ်။ စည်းကမ်းချက်နဲ့ကိုက်ညီမယ်ဆိုရင်တော့ လိုင်စင်ကိုထုတ်ပေးသွားမှာဖြစ်ပြီး အဲဒီအခါ လိုင်စင်ကြေးပေးရမှာဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။

အဆိုပါ ရေနံဓာတ်ငွေ့ရည်မှာ သန့်ရှင်းသည့် ဓာတ်ငွေ့ဖြစ်သောကြောင့် စီးပွားရေးအရ တွက်ခြေကိုက်သည့်အပြင် ဖန်လုံအိမ်ဓာတ်ငွေ့အထွက်နည်းပြီး ပတ်ဝန်း ကျင်ထိန်းသိမ်းရာရောက်သဖြင့် ယင်းဓာတ်ငွေ့အား ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုစေချင်သောကြောင့် ယခုကဲ့သို့ ယာယီလိုင်စင်ထုတ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က ရေနံဓာတ်ငွေ့ရည်ဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်ပြီး လိုင်စင်နှစ်မျိုးသာထုတ်ပေးခဲ့ရာမှ ယခုအခါ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးအတွက် လိုင်စင်ငါးခု ပြောင်းလဲ တိုးချဲ့ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

''အရင် (က)နဲ့ (ခ)ဆိုတဲ့ လိုင်စင်ကိုပဲထုတ်ပေးတာပါ။ (က)နဲ့ (ခ)ကတော့ Import လုပ်လို့ရတယ်။ကျန်တဲ့ (ဂ၊ ဃ၊ င) ကတော့ Import လုပ်လို့မရပါဘူး။ အခုတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရေနံဓာတ်ငွေ့ကို ပိုပြီးအသုံးပြုနိုင်ရေးရယ်၊ ပုဂ္ဂလိကဏ္ဍဖွံ့ဖြိုး တိုးတက်ဖို့အတွက်ရယ် ရည်ရွယ်ပြီး အရင်လိုင်စင်နှစ်ခု ထုတ်ပေးရာကနေ အခု လိုင်စင်ငါးခုကို တိုးချဲ့ထုတ်ပေး တာဖြစ်ပါတယ်'' ဟု ဦးမောင်မောင်သော်က ထပ်မံပြောသည်။

ယာယီလိုင်စင်ထုတ်ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ရေနံထွက်ပစ္စည်းများတင်သွင်းရေး၊ သိုလှောင်ဝယ်ယူဖြန့်ဖြူးရေးဆပ်ကော်မတီမှ တိုင်းဒေသကြီး အစိုးရထံတင်ပြခဲ့ပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''အခုလို လိုင်စင်ထုတ်ပေးပြီး စနစ်တကျလုပ်ပေး မယ်ဆိုရင် လုပ်ငန်းအသေးစားတွေအတွက် ဝမ်းသာရပါတယ်။ အရင်က လုပ်ငန်းလိုင်စင်ဖြစ်တဲ့စည်ပင်မှာပဲ လျှောက်ရတာပါ။ ရောင်းရတာလည်း တရားမဝင်ဘူး။ အခုလို တရားဝင်ရောင်းလို့ရအောင် သတ်မှတ်တော့ လွတ်လွတ်လပ်လပ်ရောင်းလို့ရမယ်။ ပြည်သူအတွက်လည်း အဆင်ပြေ၊ နိုင်ငံတော်အတွက်လည်း အခွန်တိုးပါတယ်''ဟု ပုဂ္ဂလိကရေနံဓာတ်ငွေ့ရည် လက်လီအရောင်းဆိုင် တစ်ဆိုင်မှ ဦးအောင်နိုင်သန်းက ပြောသည်။

လိုင်စင်ထုတ်ပေးခြင်းကို တစ်နှစ်သက်တမ်းပေးထားကာ သက်တမ်းတိုးရက်ကျော်ပါက ရက်လွန်ကြေးအဖြစ် တစ်ရက်လျှင် လိုင်စင်ကြေး၏ တစ်ရာခိုင်နှုန်း ဆောင်ရမည်ဖြစ်သည်။ ထုတ်ပေးထားသည့်လိုင်စင် ပျက်စီး၊ ပျောက်ဆုံး၍ မိတ္တူမှန်ပြန်လည်ရယူလိုပါက လိုင်စင်ကြေး၏ ၃ဝ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ် သကဲ့သို့ လုပ်ငန်းလိုင်စင်ပြောင်းပါက ပိုင်ရှင်လွှဲပြောင်း ကြေးအဖြစ် ထပ်မံပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment