Tuesday, June 14, 2016

မြန်မာ-ဂျပန် ကနဦး ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေး

အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကဏ္ဍမြှင့်တင်ရေးအတွက် ခိုင်မာသော ဆောင်ရွက်မှုများကို လုပ်ဆောင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ဖွံ့ဖြိုးမှုကို အရှိန်မြှင့်တင်ရန်တို့အတွက် မြန်မာနှင့် ဂျပန် ကနဦးပူးပေါင်း ဆောင်ရွက်မှုအပိုင်း(ခ)၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ Park Royal Hotel ၌ ကျင်းပသည်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ''လက်ရှိ အစိုးရသစ်ကို ကူညီဖို့က ဂျပန်အစိုးရရဲ့ အခြေခံမူဝါဒပဲ ဖြစ်ပါတယ်။ အစိုးရပိုင်းတွင် သာမက ပုဂ္ဂလိကပိုင်း နှစ်ဖက်စလုံး ပူးပေါင်းဆောင်ရွက်နိုင်မှ မြန်မာနိုင်ငံ စီးပွားရေး အကောင်အထည်ဖော်နိုင်မှာပါ။ အခု မြန်မာအစိုးရသစ် တက်လာပြီး မကြာခင် ဂျပန်အစိုးရဘက်ကလည်း အစိုးရသစ်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်လုပ်ဖို့ဆန္ဒရှိပါတယ်။ ဒီလိုလုပ်တဲ့အခါ ဖြစ်ပေါ်လာမယ့် စိန်ခေါ်မှုတွေကို သေချာဆွေးနွေးကြတာပါ။ ဂျပန်-မြန်မာနှစ်ဖက်စလုံး အကျိုးရှိဖို့ပါ။ ဂျပန်ကုမ္ပဏီတွေ အကျိုးရဖို့တစ်ခုတည်း မဟုတ်ပါဘူး။ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ စက်မှု၊ စိုက်ပျိုးရေးစတဲ့ ကဏ္ဍများစွာ ပါဝင်မှာဖြစ်ပါတယ်။ အဓိကဖြစ်တဲ့ သွင်းကုန်၊ ထုတ်ကုန် အခွန်ကိစ္စနဲ့ ရင်းနှီးမြှုပ်နှံမှုပေါ်လစီတွေကို အဓိက ဆွေးနွေးကြတာဖြစ်ပါတယ်'' ဟု ဆိုသည်။
ယနေ့အစည်းအဝေးတွင် ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများကိုအမှီပြု၍ ပိုမိုရင်းနှီးမြှုပ်နှံလာကြစေရန် မြင့်မားသော မျှော်မှန်းချက်များကို တင်ပြခဲ့ကြပြီး တက်ရောက်လာကြသူများအနေဖြင့် ယခင်နှစ်များက ရလဒ်များနှင့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည့် အရေးပါသောကိစ္စရပ် ငါးခုဖြစ်သည့် ပြည်တွင်းစက်မှုလုပ်ငန်းများ တိုးတက်မှုမြှင့်တင်ရေး၊ ကုန်သွယ်ရေး မူဝါဒ၊ ဘဏ္ဍာရေးနှင့် အာမခံ၊ အခွန် ရေးရာများနှင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
MIC ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ''ဒီကနေ့ဆွေးနွေးပွဲရဲ့ သဘောတူညီချက်က Working Group ငါးခုဖွဲ့ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အသေးစိတ် ဆွေးနွေးကြတာပါ။ ဂျပန်ဘက်က စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ ပိုမို ဝင်လာမယ်လို့ သုံးသပ်ပါတယ်''ဟု ပြောသည်။
UMFCCI အသင်းဥက္ကဋ္ဌ ဦးဝင်း အောင်က ''ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြုပြီး တက်ရောက်တာဖြစ်ပါ တယ်။ ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်တဲ့အခါမှာ အချို့အပိုင်းတွေက ပေါ်လစီနဲ့ပတ်သက်တဲ့ ကိစ္စတွေရှိတယ်။ တချို့ကိစ္စတွေကတော့ အချိန်နဲ့တစ်ပြေးညီ ဖြေရှင်းပေးရမယ့် ကိစ္စတွေရှိပါတယ်။ ဒါပေမယ့် တစ်နေ့တာဆွေးနွေးမှုက ပြီးပြည့်စုံတဲ့ အကျိုးရလဒ်တွေ မရနိုင်တဲ့အတွက် သက်ဆိုင်ရာကဏ္ဍတွေအလိုက် ဆက်လက်ဆွေးနွေးရမယ်။ ဒီလိုဆောင်ရွက် ခြင်းအားဖြင့် ထိထိရောက်ရောက်နဲ့ တိုးတက်နိုင်မယ်လို့ ယူဆပါတယ်။ နှစ်ဦးနှစ်ဖက် စီးပွားရေးလုပ်ငန်းရှင်တွေ အကျိုးရလဒ်ကောင်းတွေ ရရှိတဲ့အခါ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ လူမှုဘဝတွေ၊ ကျန်းမာရေး၊ ပညာရေးစသည်ဖြင့် တိုးတက်လာမှာ ဖြစ်ပါတယ်'' ဟု ဆိုသည်။
ညှိနှိုင်းဆောင်ရွက်မည့် ကိစ္စရပ်တစ်ခုချင်းစီအတွက် လုပ်ငန်းအုပ်စု များကို ဖွဲ့စည်းခြင်းဖြင့် ပိုမိုနက်ရှိုင်းသော ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။
ဂျပန်နိုင်ငံအနေဖြင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကအခန်းကဏ္ဍများမှနေ၍ မြန်မာနိုင်ငံကို အထောက်အကူပြုပေး မည်ဆိုသော ခိုင်မာသောကတိကို အဆိုပါဆွေးနွေးပွဲတွင် ထပ်လောင်းအတည်ပြုခဲ့ကြောင်း သိရသည်။
အပိုင်း(က)ဆွေးနွေးပွဲများကို ၂ဝ၁၃ ခုနှစ်မှစတင်ခဲ့ပြီး ခြောက်ကြိမ်တိုင်ကျင်းပခဲ့ကာ ယခုအစည်း အဝေးသည် အပိုင်း(ခ)အတွက် ပထမ အကြိမ်ကျင်းပသော အစည်းအဝေး ဖြစ်ကြောင်း သိရသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment