လူမှုကွန်ရက် စာမျက်နှာတစ်ခု ဖြစ်သော ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ချစ်သူဖြစ်ခဲ့သည့် အသက် ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသူကို နှစ်ရက်ကြာ တည်းခိုခန်းတွင် ပေါင်းသင်းပြီးနောက် အင်းလျားကန်ပေါင်တွင် ထားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည့် အသက် ၁၈ နှစ်အရွယ် အမျိုးသားကို မုဒိမ်းမှုဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း မရမ်းကုန်းမြို့နယ် ဘုရင့်နောင် နယ်မြေရဲစခန်းထံမှ သိရှိရသည်။
အဆိုပါ ဖမ်းဆီးစစ်ဆေးနေသူမှာ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အွန်လိုင်းပေါ်မှ ချစ်သူဖြစ်ခဲ့သော ကိုးတန်းကျောင်းသူ ဇွန်လ ၁၉ ရက်နေ့က သမိုင်းလမ်းဆုံ အနီးရှိ တည်းခိုခန်းတစ်ခုတွင် ချိန်းတွေ့ပြီး နှစ်ရက်ကြာ သားမယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ကြောင်း၊ ယင်းနောက် မိန်းကလေးငယ်ကို ၎င်း၏ နေအိမ်သို့ ပြန်ရန်ပြောဆိုပြီး အင်းလျားကန်ပေါင်ပေါ်တွင် တစ်ဦးတည်းထား၍ ထွက်ပြေးတိမ်းရှောင်စဉ် ဖမ်းမိခဲ့ကြောင်း ဘုရင့်နောင် နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ကလေးမရဲ့ ပါလာတဲ့ ရွှေလက်စွပ်ကို ပေါင်နှံပြီး ရတဲ့ငွေနဲ့ တည်းခိုခန်းမှာ နှစ်ယောက်အတူ စားသောက်နေထိုင်ခဲ့တယ်၊ ငွေလည်းကုန်ရော ကလေးမကို သူက တာဝန်မယူနိုင်သေးဘူး၊ မိဘတွေအိမ် ပြန်နေလို့ပြောပြီး အင်းလျားကန်ပေါင်မှာ ထားခဲ့တာ၊ ကလေးမက ရွှေပြည်သာမှာ နေတဲ့ မိဘတွေဆီ ဖုန်းဆက်အကြောင်းကြားခဲ့တာကြောင့် ထွက်ပြေးတိမ်းရှောင်သူ အမျိုးသားကို ဖမ်းမိခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ အင်းလျားကန်ပေါင်တွင် ထားခဲ့သည့် မိန်းကလေးငယ်မှာ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့က နေအိမ်မှ ကျူရှင်သွားစဉ် ပျောက်ဆုံးခဲ့သောကြောင့် လူပျောက် တိုင်ချက်ဖွင့်ထားသူ ဖြစ်ကြောင်း၊ ၎င်းနှင့်အတူ နေထိုင်ခဲ့သော အသက် ၁၈ နှစ်အရွယ် အမျိုးသားကို မရမ်းကုန်းမြို့နယ် ဘုရင့်နောင် နယ်မြေရဲစခန်းက (ပ) ၄၃၆/၁၆၊ ပုဒ်မ ၃၇၆/ ၃၆၃ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
Credit To >>> The Voice Weeky
0 comments:
Post a Comment