Monday, May 9, 2016

အခွန်တိမ်းရှောင်မှုကို လျှော့ချရန် ရင်းနှီးမြှုပ်နှံသူများအတွက် မျှတသော အခွန်မက်လုံးများ ပေးအပ်သွားမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် အခွန်ရငွေနှင့် GDP အချိုး ၁၀ ရာခိုင်နှုန်းရှိလာရန် မျှော်မှန်း

အခွန်တိမ်းရှောင်မှုကို လျှော့ချရန်ရင်း နှီးမြှုပ်နှံသူများအတွက် မျှတသော အခွန်မက်လုံးများ ပေးအပ်သွားမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် အခွန်ရငွေနှင့် GDP (ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး) အချိုး ၁၀ ရာခိုင်နှုန်း ရှိလာရန် အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှု နှစ် ၂၀ စီမံကိန်းတွင် မျှော်မှန်းထားသည်။

လက်ရှိ မြန်မာနိုင်ငံ၏ အခွန်ရငွေ နိမ့်ကျနေသော်လည်း စားသုံးမှုနှင့်ပစ္စည်းပိုင်ဆိုင်မှုတို့မှ အခွန်ကောက်ခံခြင်း၊ အခွန်ရရှိနိုင်သည့် နည်းလမ်းအမျိုးမျိုးတို့ကို ဆောင်ရွက်ခြင်းဖြင့် ၂၀၁၈ ခုနှစ်တွင် အခွန်ရငွေ နှင့် GDP အချိုးကို ၁၀ ရာခိုင်နှုန်းအထိ ရှိလာရန် ခန့်မှန်းထားခြင်း ဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံ၏ အခွန်စနစ်ကို အဆင့်မြှင့်ခြင်းနှင့် အခွန်စနစ် ပြုပြင်ပြောင်းလဲခြင်းဖြင့် နိုင်ငံတော်ရငွေများ တိုးပွားလာပြီး နိုင်ငံတစ်ဝန်း လူမှုရေးရာများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်ရာ လုပ်ထုံးလုပ်နည်းများ လွယ်ကူ ရှင်းလင်းစေရန်နှင့် အခွန်စနစ် ရှုပ်ထွေးမှုကြောင့် အခွန်တိမ်းရှောင်မှုများ မရှိစေရန် အခွန်စနစ်ကို ပြောင်းလဲရခြင်းဖြစ်ကြောင်း သိရသည်။
အခွန်အမျိုးမျိုးနှင့် သွင်းကုန်ခွန်များသည် စီးပွားရေးမူဝါဒများကို အကောင်အထည်ဖော်ရာတွင် လိုအပ်ချက်တစ်ခုဖြစ်ပြီး  အမျိုးသားစီးပွားရေး ဖွံ့ဖြိုးမှုကိုလည်း ကျယ်ပြန့်လာစေခြင်းကြောင့် အခွန်မှန်မှန်ကန် ကန်ရရှိစေရန်နှင့် အခွန်ထမ်းများ ၀န်ထုပ်ဝန်ပိုး မရှိစေရန် မူဝါဒများ ချမှတ်ဆောင်ရွက်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ အခွန်ကောက်ခံမှုနှင့် ပတ်သက်ပြီး အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှု နှစ် ၂၀ စီမံကိန်းတွင် မူဝါဒများ ချမှတ်ထားကြောင်း သိရသည်။ အဆိုပါ နည်းလမ်းများမှာ အခွန်နှုန်းထားများနှင့် သွင်းကုန်ခွန်များကို စီးပွားရေး လည်ပတ်ဆောင်ရွက်နိုင်မှုနှင့် ချိန်ညှိဆောင်ရွက်သင့်ခြင်း၊ အမှန်တကယ် အခွန်ပေးဆောင်သူ အရေအတွက် တိုးတက်စေခြင်း၊ အခွန်ပေးဆောင်ရန် သင့်တော်သော ဥပဒေအရ နိုင်ငံသားတိုင်း ၀င်ငွေအဆင့်အလိုက် အခွန်ပေးဆောင်နိုင်စေရန် အာဏာပိုင် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ခြင်း၊ နောက်ဆုံးစားသုံးသူများ အခွန်ပေးဆောင်မှုစနစ် ဖွံ့ဖြိုးလာစေခြင်း၊ အခွန်စည်းကြပ်ခြင်းကို ရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ရေးအတွက် အခွန်အကောက်ဆိုင်ရာ စီမံချက်ကို ပြန်လည်သုံးသပ်ရန် လိုအပ်ခြင်း၊ အခွန်ရှောင်တိမ်းမှုကို လျှော့ချရန် ရင်းနှီးမြှုပ်နှံသူများအတွက် မျှတသော အခွန်မက်လုံးပေးရန်၊ ရင်းနှီးမြှုပ်နှံသူများအကြား ယှဉ်ပြိုင်မှု တိုးတက်စေရန်၊ အခွန်နှုန်းထားများကို အိမ်နီးချင်းနိုင်ငံများ၏ နှုန်းထားများနှင့် ချိန်ဆသတ်မှတ်ခြင်း ပြုလုပ်ရန်နှင့် အခွန်နှစ်ဆကောက်ခြင်းကို ရှောင်ရှားရန်တို့ကို သတ်မှတ်ထားသည်။
မြန်မာနိုင်ငံ၏ အခွန်အကောက်ရရှိမှု မှာ ယခင်က ပြည်တွင်းအသားတင်ထုတ်လုပ် မှုတန်ဖိုး၏နှစ်ရာခိုင်နှုန်းနှင့် သုံးရာခိုင်နှုန်းဝန်း ကျင်သာရှိခဲ့ပြီး လက်ရှိ ၂၀၁၆ ခုနှစ်တွင်လည်း ခြောက်ရာခိုင်နှုန်းခန့်သာရှိရာမှ ၂၀၁၈ ခုနှစ် တွင် ၁၀ ရာခိုင်နှုန်းအထိရှိလာရန် မျှော်မှန်း ခြင်းဖြစ်သည်။ နှစ်အလိုက် အခွန်ရရှိမှုအနေ ဖြင့်၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၆၀၀၇ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်တွင် ၆၀၂၅ ဘီလျံ (ပြုပြင်ပြီး ခန့်မှန်းချက်) နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၆၂၁၉ ဘီလျံရရှိမည် ဟု ပြည်တွင်းအခွန်များဦးစီးဌာနက ခန့်မှန်း ထားသည်။

Credit To >>> Eleven Media Gruop 

0 comments:

Post a Comment