Friday, August 5, 2016

ဖားကန့်နှင့် တနိုင်းဒေသဘက်တွင် တပ်မတော်နှင့် KIA ကြား တိုက်ပွဲဖြစ်ပွားနေ

ကချင်ပြည်နယ် ဟူးကောင်းဒေသ တနိုင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA)နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု KIA က ပြောသည်။

သြဂုတ်လ ၃ ရက်က တနိုင်းမြို့နယ် ရှထူးဇွပ်ကျေးရွာအုပ်စု ရှထူးဇွပ်ကျေးရွာအနီးတွင် KIA တပ်ရင်း ၁၄ နှင့် မြန်မာ့ တပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာမှုများ ရှိနေသည်ဟု KIO ၏ ပြန်ကြားရေးတာဝန်ခံ တစ်ဦးဖြစ်သူ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“မနေ့ကတော့ ကျနော်တို့ တပ်မဟာ ၂ ရင်း ၁၄ နဲ့ တိုက်ပွဲငယ်တွေ ဖြစ်တယ်။ တပ်မတော်ဘက်က စစ်ကြောင်းကတော့ တော်တော်များများ ထိုးလာတယ်၊ နေကြာပန်းတံဆိတ်တွေတောင် ပါတယ်။ နေကြာတံဆိတ်တွေက အောက်ပိုင်းကနေတက်လာတာ။ မပခ တပ်တွေဘဲ မဟုတ်ဘူး။ အောက်ပိုင်းက တပ်တွေတောင်မှ ပါလာတယ်။ နောက်ပြီးတော့ ကျနော်တို့ တပ်ရင်း ၆ ဒေသ ဖားကန့်ဒေသမှာလည်း စစ်ကြောင်းတွေ တက်လာတယ်လို့ ကြားပါတယ်၊ အခုက စောင့်ကြည့်တဲ့ အလားအလာလို့ ပြောလို့ ရတယ်။ စစ်ရေး တင်းမာတဲ့ အနေအထားလို့ ပြောလို့ရပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

လက်ရှိ တပ်မတော်ဘက်မှအင်အား တိုးမြင့်လာသော စစ်ကြောင်းတွင် ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) လက်အောက်ခံ တပ်ရင်းများသာမကဘဲ အောက်ပိုင်းမှ နေကြာပန်းတံဆိပ်ပါ တပ်ဖွဲ့များလည်း ပါဝင်လာပြီး လက်ရှိ တနိုင်းမြို့နယ်အတွင်း တပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိနေဆဲ ဖြစ်သည်ဟု ဒုဗိုလ်မှူးကြီးက ပြောသည်။

“ချိန်းခြောက်တိုက်ပွဲပုံစံဖြစ်တယ်။ ကျနော်တို့ တပ်ရင်း ၁၄ ရဲ့ လုံခြုံရေးမိုင်းတွေ ပေါက်ကွဲလို့ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ စပြီးမှ ပစ်တယ်လို့ ကြားပါတယ်။ နောက်ပိုင်းမှာ ချိန်းခြောက်တဲ့ ပစ်ခတ် မှုလို့ ယူဆပါတယ်။ သူတို့ ပစ်တဲ့နေရာကတော့ လမွန်းတူဆိုတဲ့နေရာမှာ ကျနော်တို့ တပ်ရင်း ၁၄ ရဲ့ အရှေ့ဘက်မှာ ကျမယ်။ သူတို့ စစ်ကြောင်းရှိထားတဲ့နေရာ စခန်းတော့ မဟုတ်လောက်ဘူးထင်တယ်” ဟု သူက ဆက်လက် ပြောဆိုသည်။

ဖားကန့်မြို့နယ် KIA တပ်ရင်း ၆ ဒေသဘက်တွင်လည်း တပ်မတော်ဘက်မှ နေကြာတံဆိပ်ပါ အောက်ပိုင်းတက်လာသော တပ်များ ပါဝင်သော စစ်ကြောင်းများလည်း တိုးမြှင့်လာသည်ဟု သိရသည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ထို့ပြင် သြဂုတ်လ ၃ ရက်က ဖားကန့်ဘက်သို့ မြန်မာ့တပ်မတော် တပ်အင်အားအပြည့် ပါလာသော စစ်ကား ၁၅ စီး တက်လာဖြင့် ဖားကန့်လမ်းမပေါ် နမ်ယာနှင့် ကပ်မှော်အကြားတွင် တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့သလို၊ ခွမ်ဇိုင်ဇွပ်နှင့် လဘန်ကထောင်ကြားတွင် တစ်ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ KIA ဘက်မှ ထိခိုက်မှုမရှိသော်လည်း မြန်မာ့တပ်မတော်ဘက်မှ ၃ ဦး ကျဆုံးမှု ရှိသည်ဟု သိရကြောင်း KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။

“မနေ့က ကား၁၅ စီးတက်လာလို့ လမ်းမှာ တိုက်ပွဲ နှစ်ကြိမ်ဖြစ်တယ်။ အခုက ကျနော်တို့ဘက်လည်း တပ်မတော်ဘက်က အင်အားတိုးလာ၊ တနိုင်းဘက်လည်း ဆက်ပြီး ထိုးစစ်ဆင်လာပြီဆိုရင်တော့ တိုက်ပွဲက ဆက်ပြီး ပြင်းထန်လာမဲ့ အခြေအနေရှိတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

အတည်မပြုနိုင်သော သတင်းအရ တပ်မတော်ဘက်မှ တနိုင်းမြို့နယ် ယုဇနကုမ္ပဏီ သိမ်းယူထားသော နေရာများတွင်လည်း ဒေသခံများ ရွှေကျင်နေသည်ကို စစ်ဖောင်များ သိမ်းယူခြင်း၊ ဖမ်းဆီးမှုများ ရှိနေသဖြင့် ဒေသခံ ပြည်သူများလည်း တိုက်ပွဲ ကြီးလာမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးတိမ်းရှောင်မှုများလည်း ရှိနေသည်ဟု ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော နေရာမှ ၃ မိုင်ခန့်အကွာအဝေးရှိ ရှရူးဇွပ်ကျေးရွာသားများလည်း တပ်မတော်နှင့် KIA တပ်ရင်း ၁၄ တို့အကြား ယမန်နေ့ သြဂုတ်လ ၃ ရက်က တစ်နေကုန် တိုက်ပွဲ ဖြစ်ပွားနေသလို၊ ယနေ့ နံနက် ၇ နာရီမှ စတင်၍ ပစ်ခတ်သံများ ကြားနေရဆဲဖြစ် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများလည်း တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်ဟု တိုက်ပွဲ ဖြစ်ပွားရာနေရမှ ၃ မိုင်ခန့်အကွာအဝေးရှိ ဝါရာဇွပ်ကျေးရွာသား ဦးလရှီးအောင်လတ်က ပြောသည်။

“အခုတိုက်ပွဲက ရှထူးဇွပ်၊ ဝါရာဇွပ်ကြားက မိုးကောင်းချောင်းဖျားမှာ ဖြစ်နေတာ။ ဒီမနက်လည်း ၇ နာရီလောက်ကနေ ပြန်ကြားနေရတယ်။ မနေ့ကလည်း ၉ နာရီကနေ ညနေထိ အသံကြားနေရပါတယ်။ စစ်တပ်က အင်အား ထောင်ဂဏန်းရှိတယ်လို့ ကြားတယ်။ လက်နက်ကြီးတွေနဲ့ ပစ်နေတာကြားနေရတယ်။ အခုပတ်ဝန်းကျင်က တောင်သူတွေကလည်း ကောက်စိုက်နေတုန်း၊ စပါး စိုက်နေတုန်း၊ နီးတဲ့ နေရာတွေက ကောက်စိုက်သမတွေကိုလည်း ပြန်ခေါ်သွားတယ်ဆိုတာတွေလည်း ဖြစ်နေတယ်။ တချို့က စပါးမစိုက်ရဘဲနဲ့ ပြန်သွားကြတယ်။ ရွှေမှော်ဘက်က ရွာသားတွေလည်း ရှထူးဇွပ်ကို ထွက်ပြေးလာကြပြီ”ဟု သူက မဇ္စျိမကို ပြောသည်။

ရှထူးဇွပ်ကျေးရွာအနီးရှိ ချောင်းဆုံ၊ ခဂါ၊ လောဒ်ဂျာ၊ အောင်လန်း စသည့် ရွှေမှော်များက ဒေသခံ ရာနှင့်ချီသည် ရှထူးဇွပ်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာခြင်း ဖြစ်သည်ဟု သူက ပြောသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၉ နယ်မြေအတွင်း တပ်မတော်ဘက်မှ ပြည်သူ့စစ် တပ်ဖွဲ့နှင့် သြဂုတ်လ ၂ ရက်က ထိတွေ့ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်ရှိ စစ်ရေး တင်းမာနေဆဲ ဖြစ်သည်ဟု ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
Credit To>>> Mizzima Burmese

0 comments:

Post a Comment