Friday, May 6, 2016

သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် စသည့် နိုင်ငံတော် အကြီးအကဲများကို Facebook တွင် ပုတ်ခတ်ရေးသားသူများအား ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် ဆက်တိုက်ဖမ်းဆီး အရေးယူလျက်ရှိပြီး သာမန်ပြည်သူများက ထိုပုဒ်မဖြင့် တိုင်ကြားသော အမှုများနှင့် ပတ်သက်၍ အရေးယူမှုမရှိ


နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် စသည့် နိုင်ငံတော် အကြီးအကဲများကို Facebook စာမျက်နှာများတွင် ပုတ်ခတ်ရေးသား သူများကို ဆက်သွယ်ရေး ဥပဒေပုဒ်မ E66 ဖြင့် ဖမ်းဆီးအရေးယူလျက်ရှိပြီး သာမန်ပြည်သူများက ထိုပုဒ်မဖြင့် တိုင်ကြားသော အမှုများနှင့် ပတ်သက်၍မူ အရေးယူမှု မရှိသေးဘဲ မည်ကဲ့သို့ လုပ်ဆောင်မှုများ ရှိနေသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရှိရသေးပါ။

ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်ခံထားရသူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေအား ရဲတပ်ဖွဲ့ တာဝန်ရှိသူများက မေ ၄ ရက်တွင် အမြန်လမ်း၌ ဖမ်းဆီးခဲ့ပြီး မေ ၅ ရက်၌ ပုသိမ်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့ တာဝန်ရှိသူများက မေ ၅ ရက် နေ့လယ်ပိုင်းတွင် ဦးနေမျိုးဝေကို ချုပ်မိန့်ရမန်ယူကာ ပုသိမ်နယ်မြေ ရဲစခန်းမှ ပုသိမ်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
"ကန်ကြီးထောင့် မြို့မရဲစခန်းက ဒုရဲမှူး ဦးဆောင်ပြီး အဖွဲ့ဝင်ငါးဦးနဲ့အတူ ဦးနေမျိုးဝေကို လာရောက် အပ်နှံခဲ့ပါတယ်။ ရမန်ကြီး တစ်ပတ်အနေနဲ့ ၁၄ ရက် (ဧပြီ ၅ ရက်မှ ၁၉ ရက်အထိ) လာပြီးတော့ အပ်ထားခြင်း ဖြစ်ပါတယ်။ အကျဉ်းဦးစီးကတော့ ထိန်းထားပေးတဲ့သဘောပါ" ဟု ပုသိမ်အကျဉ်းထောင်မှ အရာရှိကြီး တစ်ဦးက ဖြေကြားသည်။
ကန်ကြီးထောင့် မြို့မရဲစခန်းမှူးနှင့် တရားသူကြီးက ပုသိမ်သို့ သွားရောက်ကာ ဦးနေမျိုးဝေကို ချုပ်မိန့်ရမန်ယူ ခဲ့ခြင်းဖြစ်ပြီး ရမန်ကာလ ကုန်ဆုံးချိန် ရုံးထုတ်စစ်ဆေးခြင်းကိုမူ ကန်ကြီးထောင့်မြို့နယ် တရားရုံးတွင်သာ ဆောင်ရွက်မည်ဖြစ်ကြောင်း ကန်ကြီးထောင့်မြို့မ ရဲစခန်းမှ ရဲအုပ်သိန်းလွင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် NLD ပါတီအား စော်ကားပုတ်ခတ်သည့် စာများကို Nay Myo Wai အမည်ဖြင့် Facebook စာမျက်နှာတွင် တင်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဦးနေမျိုးဝေကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်မှ ဆရာဦးဝေယံအောင်က တရားလိုပြုလုပ် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ကန်ကြီးထောင့်မြို့မ ရဲစခန်းက (ပ)၉၀/၂၀၁၆၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် မေ ၂ ရက် ညပိုင်းက အမှုဖွင့်ခဲ့သည်။
အမှုဖွင့်ပြီး နှစ်ရက်အကြာ မေ ၄ ရက် ညနေပိုင်း၌ ကန်ကြီးထောင့်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ရန်ကုန်-မန္တလေး အမြန်လမ်း ၂၂ မိုင်တွင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ဦးနေမျိုးဝေကို ဖမ်းဆီးရမိခဲ့သည်။ ထို့နောက် ကန်ကြီးထောင့်သို့ ပြန်လည်ခေါ်ဆောင်လာမည်ဟု သတင်းအရ ဒေသခံ မဟုတ်သူများ ကြိုတင်ရောက်ရှိ နေမှုကြောင့် လုံခြုံရေး အခြေအနေအရ ရဲတပ်ဖွဲ့က ကန်ကြီးထောင့်ရဲစခန်းသို့ မခေါ်ဆောင်တော့ဘဲ ပုသိမ်သို့ ခေါ်ဆောင်ချုပ်နှောင်ခဲ့ပြီး နောက်နေ့တွင် ချုပ်မိန့်ရမန် ယူခဲ့ခြင်းလည်း ဖြစ်သည်။
နိုင်ငံ့အကြီးအကဲများအား ပုတ်ခတ်ဝေဖန်မှုကြောင့် အမှုဖွင့်အရေးယူမှုများ ရှိခဲ့သလို သာမန်ပြည်သူများက အဆိုပါ ဆက်သွယ်ရေးဥပဒေပုဒ်မ E66 ဖြင့် သက်ဆိုင်ရာသို့ တိုင်တန်းအမှုဖွင့်ခဲ့သည့် မှုခင်းဖြစ်စဉ်များ အများအပြား ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။ ထို့အတူ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအထိ ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းအတွင်း အမှု ၃၀ ကျော် ရှိနေကြောင်းနှင့် ယင်းအမှုများနှင့် ပတ်သက်၍ မည်ကဲ့သို့ အရေးယူ ဆောင်ရွက်နေသည်ကို မသိရှိရသေးပေ။
E66 ဖြင့် ဖမ်းဆီးအရေးယူခဲ့သည့် အမှုများတွင် သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပတ်သက်သည့် အကြောင်းအရာများအား Facebook ပေါ်တွင် ဓာတ်ပုံများ ဖော်ပြခြင်း၊ ပုတ်ခတ်ရေးသားခြင်းတို့ကြောင့် အရေးယူခံရသည့် ဖြစ်စဉ်များ ပါဝင်သည်။
ယင်းသို့ နိုင်ငံတော် အကြီးအကဲများကို ပုတ်ခတ်ရေးသားမှုကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် တိုင်တန်း အမှုဖွင့်ထားသည့် အမှုများထဲတွင် တရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်ခဲ့သည့်အမှု လေးမှုအထိ ရှိခဲ့သည်။
နိုင်ငံတော် အကြီးအကဲများနှင့် NLD ပါတီကို စော်ကားပုတ်ခတ်သည့်စာများ Facebook တွင် ရေးသားမှုဖြင့် ဦးနေမျိုးဝေကို သက်ဆိုင်ရာက အဆိုပါ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ၂၀၁၆ ခုနှစ် မေ ၄ ရက်တွင် ဖမ်းဆီးခဲ့ပြီး ပုံရိပ်ကဗျာ ရေးသားခဲ့သဖြင့် သမ္မတဟောင်း ဦးသိန်းစိန်ကို ပုတ်ခတ်သည်ဟုဆိုကာ တရားစွဲဖမ်းဆီး ခံထားရသည့် ကဗျာဆရာ မောင်ဆောင်းခမှာလည်း ယင်းပုဒ်မဖြင့် လက်ရှိအချိန်အထိ တရားရင်ဆိုင် နေရဆဲဖြစ်သည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲ ခံရသူများထဲမှ ထင်ရှားသော ဖြစ်စဉ်တစ်ခုမှာ မအူပင်မြို့နယ်မှ မချောစန္ဒီထွန်းကိုလည်း အရောင်ပြောင်းလဲခဲ့သည့် တပ်မတော်ဝတ်စုံ ၀တ်ဆင်ထားသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ ဓာတ်ပုံကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ထဘီအရောင်နှင့် ခိုင်းနှိုင်းရေးတင်ခဲ့သည် ဟုဆိုကာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၂ ရက် ညပိုင်းတွင် သက်ဆိုင်ရာ ရဲစခန်းက ဖမ်းဆီးပြီး အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၄ (က) ဖြင့် အမှုဖွင့်ကာ မြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့သည်။
နောက်ပိုင်းတွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) သို့ ပြောင်းလဲ တရားစွဲဆိုခဲ့ပြီး အဆိုပါအမှုကို မအူပင်မြို့နယ် တရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် မအူပင်မြို့နယ် တရားသူကြီး ဒေါ်လှမြတ်မွန်က မချောစန္ဒီထွန်းသည် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို ကျူးလွန်သည်ဟု ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ကာ ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့သည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် ထောင်ချခံရသူ နောက်တစ်ဦးမှာ ဦးဇော်မျိုးညွန့် ဖြစ်သည်။ ဦးဇော်မျိုးညွန့်သည် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်က Facebook တွင် Zaw Myo Nyunt အမည်ရှိ အကောင့်သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပုံကို ခြေထောက်ဖြင့်နင်းသည့် ဓာတ်ပုံအား Post ပြုလုပ်ခဲ့သည်ဟုဆိုကာ ၎င်း၏ကိုယ်ရေး အချက်အလက်များကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က စုံစမ်းဖော်ထုတ် အမှုဖွင့်ခဲ့ပြီး ဦးဇော်မျိုးညွန့်အား အောက်တိုဘာ ၆ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ယင်းသို့ဖမ်းဆီးပြီး ဦးဇော်မျိုးညွန့်ကို သက်ဆိုင်ရာ မရမ်းကုန်းမြို့မ ရဲစခန်းက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) အပြင် ပုဒ်မ ၅၀၅ (ခ) ဖြင့် မြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့ကာ ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၂၈ ရက်တွင် တရားရုံးက ပုဒ်မနှစ်ခုဖြင့် အလုပ်နှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်။
ကချင်အမျိုးသား တစ်ဦးဖြစ်သည့် ဦးခွန်ဂျာလီကိုလည်း ယင်းပို့စ်အား Facebook တွင် တင်သည့်အတွက် ဟုဆိုကာ အောက်တိုဘာ ၁၄ ရက်က စတင်ဖမ်းဆီးသွားခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်တွင် လှိုင်မြို့နယ်တရားသူကြီး ဦးစိန်ကြည်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်ပင် ထောင်ဒဏ်ခြောက်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
ထို့အပြင် ပြည်ခိုင်ဖြိုးပါတီ (ကန်ကြီးထောင့်မြို့နယ်) တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းသည်လည်း Thu Thu အမည်ရှိ Facebook အကောင့်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းပုံသဖွယ်ပြုပြင်၍ ပို့စ်တင်သည့်အတွက် ကန်ကြီးထောင့် မြို့နယ်မှ ဦးစည်သူအောင်က ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခဲ့ပြီး ကန်ကြီးထောင့်မြို့နယ် တရားသူကြီးက ၎င်းအား မတ် ၂၈ ရက်တွင် ထောင်ဒဏ်ခြောက်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
နောက်တစ်ဦးမှာ Facebook ပေါ်တွင် လူသိများသည့် Kyat Pha Gyi အကောင့်ပိုင်ရှင်ဟု ဆိုသူဖြစ်ပြီး တိုင်းစစ်ဌာနချုပ်ရုံးမှ တာဝန်ရှိသူများက သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်ပုံအား Facebook ပေါ်တွင် မဖွယ်မရာ တင်သည်ဟုဆိုကာ သက်ဆိုင်ရာ မရမ်းကုန်းမြို့မ ရဲစခန်းတွင် တိုင်တန်းပြီး ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ Kyat Pha Gyi အကောင့်ပိုင်ရှင် ဟုဆိုသည့် မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်နေ ဦးလှဖုန်းကို လက်ရှိတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နှစ်မှု၊ နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၆ နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် မရမ်းကုန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသည်။ ယင်းသို့ နိုင်ငံတော် အကြီးအကဲများကို ပုတ်ခတ်စော်ကား သူများအား တိုင်တန်းသဖြင့် ဖမ်းဆီးအရေးယူမှုများ ရှိသော်လည်း သာမန်ပြည်သူ အချင်းချင်း ပုတ်ခတ်စော်ကားသူများကိုမူ ဖမ်းဆီးအရေးယူမှု ရှိ မရှိ ရှင်းလင်းစွာ မသိရသေးကြောင်း သုံးသပ်မှုများ ရှိနေသည်။
"ဥပဒေမှာက မည်သူမဆိုလို့ပဲ ပါပါတယ်။ နိုင်ငံ့ခေါင်းဆောင်ဖြစ်မှ ဘယ်သူဖြစ်မှဆိုပြီး မပါပါဘူး။ မည်သူမဆို တိုင်နိုင်တယ်လေ။ ဖမ်းဆီးမပေးရင် သက်ဆိုင်ရာ အဖွဲ့အစည်းကို တိုင်တန်းလို့ရတယ်။ ရဲက အမှုမဖွင့် ပေးဘူးဆိုရင် အဆင့်ဆင့် တိုင်လို့ရတယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူးကို ပြောလို့မှ မရရင်၊ ခရိုင်ရဲတပ်ဖွဲ့မှူးကိုပြော၊ မရရင် တိုင်းရဲတပ်ဖွဲ့မှူးကိုပြော၊ မရရင် ရဲချုပ်အထိတက်ပြီး တိုင်တန်းပြီး ကိုယ့်ဘက်က ဆောင်ရွက်ရမယ့် အနေအထား ဖြစ်နေပါတယ်" ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။
နိုင်ငံတော် အကြီးအကဲများ၊ ထင်ရှားကျော်ကြား သူများကို ဝေဖန်တိုက်ခိုက်မှုများအပြင် ပြည်သူများ ထဲတွင်လည်း လူမှုရေးကိစ္စများနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်ကာ Facebook ပေါ်တွင် ပုတ်ခတ်ရေးသားမှုများကို ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ခြင်း များလာသည်ကိုလည်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။
ယင်းကဲ့သို့ ပြည်သူများက ဆက်သွယ်ရေး ဥပဒေဖြင့် တိုင်တန်းအမှုဖွင့်ထားသော အမှုများကို သက်ဆိုင်ရာမှ ထိထိရောက်ရောက် အရေးယူပေးခြင်း မရှိသည်နှင့် ပတ်သက်၍ မန္တလေးမြို့မှ စာရေးဆရာကျော်ကြီး (MDY) က "ကျွန်တော့်အမြင် ပြောရရင်တော့ အရင်အစိုးရ လက်ထက်ကလည်း သူတို့ကိုထိတဲ့ အခါဆိုရင် ချက်ချင်းအရေးယူ ဆောင်ရွက်တယ်။ သူတို့ကို မထိခိုက်တဲ့ကိစ္စဆိုရင် မျက်ကွယ်ပြုထားတာများတယ်။ အခုအစိုးရ လက်ထက်မှာလည်း အဲဒီလိုပုံစံမျိုး ဖြစ်နေတယ်။ အဲဒီတော့ ဥပဒေက လိုရင်တစ်မျိုး မလိုရင်တစ်မျိုး ပုံစံမျိုးဖြစ်နေတယ်။ ဒါဟာ ဒီမိုကရေစီနိုင်ငံ တစ်ခုမှာ မဖြစ်သင့်ဘူး။ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့အထဲမှာ ဒါတွေကိုလည်း ပြောင်းလဲရလိမ့်မယ်။ ဥပဒေဟာ ပြည်သူကိုကျတော့ ကာကွယ်ပေးမှုမရှိဘဲ နိုင်ငံတော် လူကြီးတစ်စုကို ကာကွယ်ပေးနေတာမျိုးကို မကြိုက်ဘူး။ တန်းတူညီမျှမှု ရှိစေချင်ပါတယ်" ဟု ပြောကြားသည်။
မည်သူမဆို ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း စသည်တို့ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခြင်း ခံရနိုင်ကြောင်း ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) တွင် ပြဋ္ဌာန်းထားသည်။
"ကျွန်တော်က မတ် ၃၀ ရက်မှာ တာမွေစခန်းမှာ သန်းထွန်းဇော် (ဒါရိုက်တာမိုက်တီး) အကောင့်ပိုင်ရှင်ကို အမှုဖွင့်တယ်။ စခန်းကို အမှုအခြေအနေနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် မပြတ်ဆက်သွယ်တယ်။ အခု မေ ၅ ရက်အထိ အခြေအနေမေးဖို့ ဆက်သွယ်နေတုန်းပဲ။ ဒါပေမဲ့ ဘယ်အဆင့်ရောက်ပြီ၊ ဘာလုပ်နေတယ်ဆိုတာ အသေးစိတ် မသိရသလို တရားခံကိုလည်း မဖမ်းဘူး။ ဥပဒေအကြံပေး တောင်းရဦးမယ် ဆိုတာလောက်ပဲ သိရတယ်။ ဘယ်လောက်အထိ မဖမ်းသေးဘဲ ကြာဦးမလဲ မသိဘူး" ဟု အမှုဖွင့် တိုင်ကြားခဲ့သူ Eleven Media Group မှ သတင်းထောက်ချုပ် ဦးမာန်သူရှိန်က ပြောကြားသည်။
"ကျွန်တော်တို့ E66 နဲ့ တာမွေရဲစခန်းမှာ အမှုဖွင့်ထားတာ သုံးမှုရှိတယ်။ Myat Maw Facebook အကောင့်ပိုင်ရှင်ကို တရားစွဲထားတာ အခုဆိုရင် လေးလနီးပါး ရှိနေပါပြီ။ ဒါပေမဲ့ အခုထိ ဖမ်းဆီးအရေးယူပေးတာ မရှိဘူး။ အဲဒီအမှုအတွက် တာမွေရဲစခန်းက ရဲအုပ်ရဲမျိုးဟိန်းနဲ့ ကျွန်တော်တို့ဆီက တစ်ဦး အတူလိုက်ပါပြီး Myat Maw ရှိတဲ့ နေပြည်တော်အထိ သွားရောက်မှုမှာ ပူးပေါင်းကူညီခဲ့တယ်။ သူရှိနိုင်မယ့် နေရာတွေ ကူညီပြပေးခဲ့တယ်။ ကုန်ကျစရိတ် လေးငါးသိန်းလောက် အကုန်ခံပြီး ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ဒါပေမဲ့ အခုအထိ ဥပဒေအတိုင်း အရေးမယူနိုင်သေးဘူး။ အဲဒီကိစ္စအတွက် ရဲချုပ်ဆီ အထိလည်း တိုင်စာပေးပို့ခဲ့ပြီးပါပြီ။ ပြီးတော့ အဲဒီတာမွေစခန်းမှာပဲ E66 နဲ့  နောက်ထပ်အမှုတွေ ဖွင့်ထားတာတွေ ရှိပါသေးတယ်။ အဲဒီအထဲမှာ ဒါရိုက်တာမိုက်တီးကို E66 နဲ့ အမှုဖွင့်ထားတာလည်း ပါတယ်။ သူ့ကို တစ်နေ့က ရဲစခန်းခေါ်စစ်တယ် ဆိုတာလောက်ပဲသိရပြီး ဖမ်းဆီးအရေးယူထားတာ မရှိဘူး။ ဘယ်လိုလုပ်ဆောင်ထားတယ် ဆိုတာလည်း တိတိကျကျ မသိရသေးဘူး" ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားသည်။
"ကျွန်တော့်အမြင်ကတော့ ဥပဒေတစ်ခုတည်းကို ကိုင်တွယ်ဆောင်ရွက်ပုံ နှစ်မျိုးနှစ်စား ဖြစ်နေရင် သားရေကွင်းလို ဖြစ်နေရင်၊ ဥပဒေကို ဥပဒေအတိုင်း မဆောင်ရွက်ရင်၊ ဒီနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုဆိုတာ ဘယ်တော့မှ ရှိမှာမဟုတ်ဘူး။ သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ကို ပုတ်ခတ်မှ ဒီ E66 နဲ့ အရေးယူတယ် ဆိုတာမျိုးကလည်း မဖြစ်သင့်ပါဘူး။ ဒီလိုသာဆိုရင် E66 က သာမန်ပြည်သူလူထု နစ်နာမှုအတွက် အကာအကွယ် မပေးနိုင်ဘဲ သြဇာအာဏာရှိတဲ့ အုပ်ချုပ်သူ လူတန်းစားကိုပဲ အကာအကွယ် ပေးသလို ဖြစ်နေလိမ့်မယ်။ ဒါကြောင့် သာမန်ပြည်သူလူထုကို အကာအကွယ် မပေးနိုင်ဘူး ဆိုရင်တော့ ဒီလိုဥပဒေမျိုးကို ဖျက်သိမ်းလိုက်တာ ကောင်းမယ်ထင်တယ်။ ဒါ့အပြင် ဥပဒေနားလည် တတ်ကျွမ်းတဲ့ ပညာရှင်တွေကိုယ်တိုင် လိုရာစွဲပြီး ဘက်တွေနဲ့ ပြောနေတာ မသင့်လျော်ပါဘူး။ ဥပဒေမှာ နိုင်ငံရေးဘက်၊ ငွေမျက်နှာ၊ လူမှုရေး သက်ဆိုင်မှု မရှိသင့်ပါဘူး။ အမှုဖြစ်စဉ် အတိမ်အနက်နဲ့ပဲ သက်ဆိုင်ပါတယ်။ ဥပဒေအရ E66 နဲ့ အမှုဖွင့်ထားသူကို အာမခံမပေးဘဲ ဖမ်းပြီဆိုရင် အဲဒီ E66 နဲ့ပဲ အမှုဖွင့်ထားတဲ့ တခြားအမှုတွေ အပါအ၀င် ဒါရိုက်တာမိုက်တီး တို့ကိုလည်း ဖမ်းရမှာပဲ မဟုတ်လား။ ဒီလိုမဟုတ်ဘူး ဆိုရင်တော့ မောင်ဆောင်းခတို့၊ ကြက်ဖကြီး တို့ကိုလည်း အပြစ်မရှိဘူးဆိုရင် ပြန်လွှတ်ပေးသင့်ပါတယ်။ E66 နဲ့ အမှုဖွင့်ခံရသူတွေထဲက ချစ်သမီးတို့၊ ခွန်ဂျာလီတို့၊ ကန်ကြီးထောင့်က ဦးသန်းထွန်းတို့ စတဲ့သူတွေကိုပဲ E66 နဲ့ အရေးယူခဲ့တာဟာ မဖြစ်သင့်ဘူးလို့ ဆိုရမှာပါ။ ကျွန်တော်တို့ တိုင်းပြည်မှာ အုပ်ချုပ်သူအစိုးရ အပြောင်းအလဲ သာမက စနစ်အပြောင်းအလဲကိုပါ တကယ်လိုအပ်နေတာပါ။ အခုအတိုင်းသာဆိုရင် စနစ်မပြောင်းသေးသလို ဖြစ်နေတယ်" ဟု ၎င်းကပြောပါသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment