Friday, May 13, 2016

ရန်ကုန်တိုင်းဝန်ကြီးများ နေအိမ်ပြင်ဆင်စရိတ် တစ်အိမ်ကျပ်သိန်း ၆၀ခွင့်ပြု

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနေထိုင်သည့် နေအိမ်များပြန်လည်ပြုပြင်ရန်အတွက် နေအိမ်တစ်အိမ်လျှင် ပြင်ဆင်စရိတ်ငွေကျပ်သိန်း(၆၀)သုံးစွဲခွင့်ကို တိုင်းဒေသကြီးအစိုးရက ခွင့်ပြုလိုက်သည်။
တိုင်းဒေသကြီးအဆင့်ဝန်ကြီးများကို ကမာရွတ်မြို့နယ်အတွင်းရှိ ဇော်ဂျီလမ်းနှင့် ပန်းဝါလမ်းတို့ရှိ အစိုးရပိုင်လုံးချင်းအိမ်များတွင် နေထိုင်ခွင့်ပြုထားသော်လည်း နေအိမ်များမှာဟောင်းနွမ်းလျက်ရှိပြီး ပြန်လည်ပြင်ဆင်ရမည်ဖြစ်သောကြောင့် ယင်းသို့ခွင့်ပြုထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကThe Voice သို့ပြောကြားသည်။
“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းဝန်ကြီးတွေ နေထိုင်ဖို့ပေးထားတဲ့နေအိမ်တွေပြုပြင်ဖို့ ကျပ်သိန်း ၆၀ သုံးစွဲခွင့်ပြုထားတယ်။ အဲဒီငွေနဲ့ပဲအိမ်တွေကိုပြုပြင်ရမယ်” ဟု ၎င်းကရှင်းပြသည်။
နိုင်ငံတော်သမ္မတဦးထင်ကျော်ဦးဆောင်သော အစိုးရသစ်လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အပါအဝင် တိုင်းဒေသကြီးဝန်ကြီး ၁၀ဦးရှိသောကြောင့် ၎င်းတို့၏နေအိမ်များပြုပြင်ရန်အတွက် စုစုပေါင်းကျပ်သိန်း ၆၀၀သုံးစွဲခွင့်ပြုထားကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှသိရသည်။
တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏နေအိမ်များတွင် လုံခြုံရေးအစောင့်အရှောက်၊ ကိုယ်ရေးအရာရှိတစ်ဦး၊ အိမ်အကူနှစ်ဦးတို့ကိုလည်း ခန့်အပ်ခွင့်ရရှိထားပြီး ဝန်ကြီးတစ်ဦးအနေနှင့် အခမဲ့ဆေးကုခွင့်၊ ရေနှင့်လျှပ်စစ်ဓာတ်အားသုံးစွဲခွင့်နှင့် ပြည်တွင်းဖုန်းသုံးစွဲခွင့်များကိုလည်း ပေးအပ်ထားကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှသိရသည်။

Credit To >>> The Voice Weekly

0 comments:

Post a Comment