အကြံဥာဏ်များ၊ အထောက်အပံ့များ၊ ရုပ်ဝတ္ထုပိုင်းနှင့် နည်းပညာပိုင်းဆိုင်ရာအကူအညီများ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့၏ (၁၈)ကြိမ်မြောက် ရန်ပုံငွေဖြည့်တင်းခြင်းအစီအစဉ် ဒုတိယ အကြိမ်မြောက်အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ကမ္ဘာ့ဘဏ်၏အဖွဲ့အစည်းတစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့(International Development Association-IDA)၏ (၁၈)ကြိမ်မြောက် ရန်ပုံငွေဖြည့်တင်းခြင်းအစီအစဉ် ဒုတိယအကြိမ်မြောက်အစည်း အဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ Kempinski Hotel ၌ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်အမှာစကားပြောကြားစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံသည် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ ရာသီဥတုပြောင်းလဲမှုကြောင့် ပေါ်ပေါက်နေသည့် သဘာဝဘေးအန္တရာယ်များကိုလည်း ရင်ဆိုင်ကျော်လွှားရလျက်ရှိပါကြောင်း၊ ကျား-မ အချိုးညီညီဖွံ့ဖြိုးတိုးတက်လာစေရေးကိုလည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အလုပ်အကိုင်နေရာများဖန်တီးရေးနှင့် ပညာရည်ဖွံ့ဖြိုးတိုးတက်ရေး၊ အုပ်ချုပ်ရေးစနစ်ကောင်းမွန်မှုနှင့် အုပ်ချုပ်ရေး ယန္တရားဖွံ့ဖြိုးရေးတို့တွင်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ယခုအစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံများအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးကျော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်တင်နှင့် ပြည်တွင်း၊ ပြည်ပမှကိုယ်စားလှယ် ၂၁၅ ဦးခန့် တက်ရောက်ကြသည်။
ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံအား IDA Borrower Country အဖြစ် လည်းကောင်း၊ Fragile and Conflict Affected State (FCS) အဖြစ် လည်းကောင်း ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိသည်။ IDA သည် မြန်မာနိုင်ငံအပါအဝင် တစ်ဦးကျဝင်ငွေ အနည်းဆုံးနိုင်ငံများ၏ ဖွံ့ဖြိုးမှုလုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာရရှိရေး၊ အခြေခံအဆောက်အအုံနှင့် အဖွဲ့အစည်းဆိုင်ရာပြုပြင် ပြောင်းလဲမှုလုပ်ငန်းများစသည်တို့အတွက် ထောက်ပံ့ကူညီနိုင်ရန် ၎င်း၏ ရန်ပုံငွေများကိုတိုးမြှင့် ဖြည့်ဆည်းပေးလျက်ရှိသည်။
IDA 18 Replenishment အတွက် ၂ဝ၁၆ ခုနှစ်အတွင်း အစည်းအဝေး (၄)ကြိမ် ကျင်းပသွားရန် စီစဉ်ထားသည်။ ယခုအစည်းအဝေးသည် ကမ္ဘာ့ဘဏ်၏ ကုန်ကျစရိတ်ဖြင့် ဇွန် ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ရန်ပုံငွေ ထပ်မံဖြည့်ဆည်းပေးရန် ဆောင်ရွက်ခြင်းဖြစ်သည်။
ယခုအစည်းအဝေးကို မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခွင့်ရရှိသည့်အတွက် ကမ္ဘာ့ဘဏ်နှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ခြင်း၊ ရင်းနှီးမှုပိုမိုရရှိနိုင်ခြင်း၊ IDA မှ ကူညီထောက်ပံ့မှုများပိုမိုရရှိ နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သိရသည်။
Credit To >>> The Mirror Daily
0 comments:
Post a Comment