Wednesday, May 11, 2016

စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ တိကျစွာ မလုပ်ဆောင်သရွေ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအတွက် မြေယာများ အပြီးအပိုင် စွန့်လွှတ် ရောင်းချမည် မဟုတ်ဟု ဒေသခံ တောင်သူများ ပြောကြား

စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကြေးနီသတ္တု တူးဖော် ထုတ်လုပ်ခွင့်ရ မြန်မာ-၀မ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင် လီမီတက်တို့ အနေဖြင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေး အစီရင်ခံစာပါ အချက်အလက်များ အားလုံးအား တိကျစွာ လိုက်နာ ဆောင်ရွက်ခြင်း မရှိသေးသရွေ့ ကာလပတ်လုံး လက်ပံတောင်းတောင် ဒေသခံ တောင်သူများ အနေဖြင့် မြေယာများ အပြီးအပိုင် စွန့်လွှတ် ရောင်းချခြင်း ပြုလုပ်ပေးမည် မဟုတ်ဘဲ မြေယာ ငှားရမ်းခနှင့် သီးနှံ လျော်ကြေးများကိုသာ ရယူကြမည် ဖြစ်ပြီး နှစ်စဉ် မြေယာငှားရမ်းခနှင့် သီးနှံလျော်ကြေးများ မရရှိပါက ဆန္ဒထုတ်ဖော်မှုများအား အဆက်မပြတ် ဆောင်ရွက်မည်ဟု လက်ပံတောင်းတောင် ဒေသခံ တောင်သူများက ပြောကြားကြောင်း သတင်း ရရှိသည်။


မြေယာ ပိုင်ဆိုင်မှု မရှိဘဲ လက်ပံတောင်းတောင် ဒေသရှိ မြေယာများအား လယ်ယာ အလုပ်သမားအဖြစ် လိုက်လံပြီး လုပ်ကိုင်နေရသူ ဒေါ်အမာချိုက “ကျွန်မအနေနဲ့ လယ်ယာ မရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ဆန္ဒ ထုတ်ဖော်မှုတွေမှာ ဘာလို့ရှေ့ကနေ ပါနေရတာလဲ ဆိုရင် ဒီလယ်ယာတွေကို မှီခိုပြီး အလုပ်သမား လိုက်လုပ်ပြီး ၀မ်းစာရှာရတယ်။ အခုလို ပြဿနာတွေ ဖြစ်နေတော့ အလုပ်လက်မဲ့ ဖြစ်ရတယ်။ စားဝတ်နေရေး အဆင်မပြေပါဘူး။ ဒီစီမံကိန်း မရှိခင်မှာ အိမ်မှာ နွားမွေးထားတယ်။ အဲဒီနွားတွေနဲ့ လယ်ပိုင် ယာပိုင်တွေဆီမှာ နွားထွန် အငှားလိုက်တယ်။ အခု အဲဒီလို လိုက်ရဖို့ နေနေသာသာ အိမ်မှာ အရင်က မွေးထားတဲ့နွားတောင် စားကျက်မြေ မရှိတော့လို့ နွားစာကစလို့ အခက်ကြုံရတယ်။ လက်ပံတောင်းတောင် ဒေသမှာ ကျွန်မလို လယ်ယာ အလုပ်သမားတွေ ရှိပါတယ်။ သူတို့လည်း ကျွန်မနည်းတူ အခက်အခဲတွေ ရှိနေကြပါတယ်” ဟု ပြောကြားသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် ပြဿနာများ အပေါ် ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အမှတ် (၁) မဲဆန္ဒ နယ်မြေမှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင်က “ဒေသခံတွေနဲ့ တွေ့ဆုံတယ်။ သူတို့ဘက်ကတော့ ဖျက်သိမ်းရေး၊ ရပ်ဆိုင်းရေးပဲ ပြောတယ်။ ဒါကလည်း သူတို့ရဲ့ ခံစားချက်ပေါ့။ တောင်ဖြိုနေစဉ်မှာ အမှုန်တွေ လွင့်တယ်။ နေစဉ် ရှူရှိုက်နေကြရတယ်။ နောက်ဆိုရင် အက်စစ်ငွေပါ ရှူရှိုက်ကြရတော့မယ်။ ဒါကလဲ အမှန်ပါပဲ။ အခု လောလောဆယ်မှာ မြေယာ လျော်ကြေး မယူတာ အများဆုံးက ဆည်တဲရွာ၊ တုံရွာ။ ကုမ္ပဏီမှာ ဖြစ်နေတာက အခုသူတို့ ခြံစည်းရိုး ခတ်လိုက်တယ်။ ခြံစည်းရိုးပြင်ပက လယ်ယာမြေတွေ လျော်ကြေးပေးပြီးသားတွေ။ ခြံစည်းရိုး အတွင်းက လယ်ယာမြေတွေက မြေယာလျော်ကြေး လုံးဝ ရယူခြင်း မရှိသေးတာတွေ ဖြစ်နေတယ်။ ဒေသခံ တောင်သူ လယ်သမားတွေရဲ့ ဘက်ကနေ ကြည့်မယ်ဆိုရင် အမှန်ပါပဲ။ သူတို့မှ မြေယာ လျော်ကြေး မယူသေးတာကို ဘယ်လို ခံစားနိုင်မလဲ။ လုံးဝ မဖြစ်သင့်တဲ့ လုပ်ရပ် တစ်ခုပါ။ အခုလာမယ့် တိုင်းဒေသကြီး လွှတ်တော် စတာနဲ့ ကျွန်တော့် အနေနဲ့ ဒီကိစ္စရပ်ကို ဆွေးနွေးသွားမယ်” ဟု ပြောကြားသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment