Tuesday, November 26, 2013

မြန်မာနိုင်ငံတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်နေပြီဟု ၀န်ကြီးဦးအောင်မင်းက ပြောကြားသော်လည်း များစွာပြောင်းလဲသည်ကို မတွေ့ရသေးကြောင်း UNFC အထွေထွေ အတွင်းရေးမှူး ပြောကြား


 မြန်မာနိုင်ငံတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်နေပြီဟု ၀န်ကြီးဦးအောင်မင်းက ပြောကြားသော်လည်း များစွာပြောင်းလဲနေသည်ကို မတွေ့ရသေးကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားသည်။

နိုဝင်ဘာ ၂၅ ရက်က ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ရှိ ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) ရုံးခန်း၌ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော UNFC ခေါင်းဆောင်များနှင့် NBF ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံသို့ လာရောက်ရခြင်း အကြောင်းရင်းကို ပြောကြားရာ၌ နိုင်ဟံသာက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

UNFC ခေါင်းဆောင်များ ရန်ကုန်မြို့သို့ လာရောက်ခြင်းမှာ ရည်ရွယ်ချက် အထွေအထူးမရှိဘဲ ၀န်ကြီးဦးအောင်မင်းက ပြည်တွင်း၌ အဆောက်အအုံများ အပါအ၀င် လူ့အခွင့်အရေး၊ နိုင်ငံရေးပါတီများ လှုပ်ရှားမှု၊ ဒီမိုကရေစီ အခွင့်အရေးများ များစွာရှိနေပြီ ဆိုသည့်အတွက် လာရောက်ခြင်း ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ၎င်းတို့နှင့် နိုင်ငံရေးအရ ဆွေးနွေးနေမှုများ၊ လက်နက်ကိုင်အဖွဲ့ အချို့နှင့်လည်း အပစ်အခတ်ရပ်စဲရေး ဖြစ်နေပြီဆိုသည့် အနေအထားမျိုးတွင် လာရောက် လေ့လာခြင်းဖြစ်ကြောင်း၊ သို့သော် ကြီးမားသည့် အပြောင်းအလဲကိုမူ မတွေ့ရသေးကြောင်း ၎င်းကပြောကြားသည်။

''ကနေ့အထိ ကျွန်တော်တို့ မြင်တာကတော့ အခြေအနေက သိပ်အများကြီး ပြောင်းလဲသေးတာ မဟုတ်ဘူး။ ကျွန်တော်တို့မှာ လက်နက်ကိုင် တပ်ဖွဲ့တွေ၊ လက်နက်ကိုင် အင်အားတွေ မရှိဘူးဆိုရင် ကျွန်တော်တို့ တောင်းဆိုတဲ့ အခွင့်အရေးတွေ မရနိုင်ဘူးလို့ မြင်တယ်။ အဲဒါကြောင့် ဆက်လက်ကိုင်စွဲ တိုက်ပွဲဝင်ပြီး လှုပ်ရှားနေတယ်'' ဟု နိုင်ဟံသာက ဆိုသည်။

တိုင်းရင်းသားများ လိုချင်သည်မှာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သာ ဖြစ်ကြောင်း၊ သို့သော် ယခုအချိန်ထိ နိုင်ငံရေးအရ ဆွေးနွေးမှု အပြည့်အ၀ မရှိသေးသည့်အတွက် လက်နက်ကိုင်ပြီး ဆက်လက်ရပ်တည် နေဦးမည်ဖြစ်ကာ ဆွေးနွေးခွင့်ရပါက ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ယခင်က လက်နက်မကိုင်ဘဲ တိုက်ပွဲဝင်ခဲ့ရာ အသိအမှတ်ပြု လုံးဝမခံရဘဲ ဖိနှိပ်မှုများသာ ပြုလုပ်ခဲ့သောကြောင့် နောက်ပိုင်းတွင် လက်နက်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အမှန်တကယ် ငြိမ်းချမ်းရေး လိုချင်ပါက ၎င်းတို့အား လက်နက်ချခိုင်းခြင်းနှင့် နယ်ခြားစောင့်တပ် လုပ်ခိုင်းခြင်းတို့ဖြင့် လုံးဝမဖြစ်နိုင်သည်ကို မွန်ပြည်သစ်ပါတီနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့တို့၏ ပထမဆုံး တွေ့ဆုံမှုတွင် ပြောကြားခဲ့ကြောင်းလည်း ၎င်းက ပြောကြားသည်။

UNFC မှ ဒုတိယဥက္ကဋ္ဌ နှစ်ဦးအပါအ၀င် ခေါင်းဆောင်ငါးဦးမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း၏ ဖိတ်ကြားချက်အရ ရန်ကုန်မြို့သို့ ရောက်ရှိနေခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်က ၀န်ကြီးဦးအောင်မင်း၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ မီဒီယာများနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မူလက ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း(NBF) နှင့် တွေ့ဆုံပွဲကို ၎င်းတို့ တည်းခိုသည့် အင်းလျားလိတ် ဟိုတယ်တွင် ပြုလုပ်ရန် စီစဉ်ထားခဲ့ကြောင်း၊ သို့သော် နိုဝင်ဘာ ၂၄ ရက်တွင် အဆိုပါဟိုတယ်၌ ၎င်းတို့က မီဒီယာများနှင့် တွေ့ဆုံမှု ပြုလုပ်ခဲ့ရာ ယင်းပွဲမှာ နိုင်ငံရေးပွဲ ဖြစ်သည်ဟု အင်းလျားလိတ် ဟိုတယ်ဘက်မှ ပြောဆိုခဲ့ပြီး ယင်းကဲ့သို့ ပြုလုပ်မည်ဆိုပါက မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက်ကျမှသာ ပြုလုပ်ခွင့်ရမည်ဟု ပြောဆိုခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် ယခု NBF နှင့် တွေ့ဆုံမှုကို အင်းလျားလိတ် ဟိုတယ်ဘက်က ခွင့်မပြုခဲ့သောကြောင့် NBF ရုံးခန်း၌သာ တွေ့ဆုံခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းအတွက် အချိန်တစ်နာရီခန့် ပိုပေးခဲ့ရသည့်အတွက် အဆင်မပြေမှုအချို့ ရှိခဲ့ကြောင်းလည်း UNFC ဘက်က ပြောကြားသည်။

(ချင်းမိုင်မှပြန်လည် ရောက်ရှိလာသော နိုင်ငံရေးပါတီ ၁၁ ပါတီမှ ကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့၌ နိုဝင်ဘာ ၂၅ ရက်က တွေ့ဆုံနေသည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့)

Eleven Media Group

0 comments:

Post a Comment