Tuesday, May 10, 2016

မန္တလေး မင်္ဂလာဈေးကို ပြုပြင်ခြင်း/အသစ်တည်ဆောက်ခြင်း ပညာရှင်များ၏ စစ်ဆေးတွေ့ရှိချက်အတိုင်း လုပ်ဆောင်မည်ဟု ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဆို

မတ် ၂၂ ရက်နေ့က မီးဘေးသင့်ခဲ့သည့် မန္တလေးမြို့ မင်္ဂလာဈေးအဆောက်အဦအား ပြုပြင်ခြင်း (သို့မဟုတ်) အသစ်တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ပညာရှင်များ၏စစ်ဆေးတွေ့ရှိချက်များအတိုင်း လုပ်ဆောင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

မေ ၉ ရက် မွန်းလွဲ ၁ နာရီက မြို့တော်စည်ပင်သာယာခန်းမတွင်ပြုလုပ်သည့် မင်္ဂလာဈေး စစ်ဆေး တွေ့ ရှိချက်များကို ဈေးသူဈေးသားများအား ရှင်းလင်းပွဲ၌ ဒေါက်တာဇော်မြင့်မောင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ပညာရှင်တွေရဲ့ စစ်ဆေးတွေ့ရှိချက်တွေအတိုင်း လုပ်သွားဖို့ရှိတယ်။ ဈေးသူဈေးသားတွေကို အသိမပေးဘဲ မလုပ်ဘူးဆိုတာပဲ။ အုပ်စုလိုက်ဖွဲ့ပြီး ပြန်လည်တိုင်ပင်ကြပါ။ အကြံပြုစာလည်း ပို့လို့ရတယ်။ စည်ပင်သာယာမှာ မင်္ဂလာဈေးအကြံပြုစာ စာတိုက်ပုံးလုပ်ထားမယ်”ဟု ၄င်းက ပြောသည်။
မီးဘေးသင့်အဆောက်အဦအား စစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီးနောက် ယမန်နေ့က အဖြေထွက်ရှိရာတွင် ကွန်ကရစ်တိုင်၊ ယက်မ၊ ကြမ်းခင်း စသည်တို့တွင် မီးဒဏ်ကြောင့် ခိုင်ခံ့မှုအားနည်းနေပြီဖြစ်သည့်အပြင် ငလျင်ဒဏ်ခံနိုင်မှုနှင့် ပတ်သက်၍ တည်ဆောက်စဉ်က ထည့်သွင်းတွက်ချက်မှု အားနည်းကြောင်းပါရှိသည်ဟု ဆိုသည်။
“ဆိုင်ခန်းတွေကို ပိုက်ဆံပေးပြီးဝယ်ခဲ့ရတာ။ မီးလောင်ပြီးမှ ငလျင်ဒါဏ်ကာကွယ်မှုတွေမပါဘူးလို့ ပြောတယ်။ အဲဒီတုန်းက တာဝန်ရှိသူတွေ မစစ်ကြဘူးလား။ အသစ်ဆောက်ရင် ပိုက်ဆံ ထပ်ပေးရအုံးမယ်။ အသစ်ဆောက်လို့ နောက်ပိုင်းမှာတခုခုဖြစ်ရင် တရားစွဲခွင့်လိုချင်တယ်”ဟု တက်ရောက်လာသူ ဈေးသည်တဦးက ပြောသည်။
မြို့တော်ဝန် ဒေါက်တာရဲလွင်ကလည်း အကြီးစားပြုပြင်သည်ဖြစ်စေ ပြန်လည်တည်ဆောက်သည်ဖြစ်စေ ဆိုင်ခန်းရှင်များအား မူလနေရာ ပြန်ရမည်ဟုကတိပြုခဲ့ပြီး ယာယီဈေးနေရာအဖြစ် ၃၅ လမ်း၊ ၇၁ လမ်းရှိ မဟာနွယ်စဉ် အားကစားကွင်း (ဂေါ်ရာ) တွင် ဆိုင်ခန်းများ ဆောက်လုပ်နေရာချထားပေးမည်ဟု ပြောသည်။

Credit To >>> News Watch

0 comments:

Post a Comment