Tuesday, May 10, 2016

ဇွဲကပင်တောင်ပေါ်သို့ ကေဘယ်ကားပြေးဆွဲ တပ်ဆင်ရန် စီမံကိန်းကို ကရင်ပြည်နယ် ငြိမ်းချမ်းရေးအဖွဲ့တစ်ခုအားလုပ်ကိုင်ခွင့်ပေးမည်


ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်တောင်ပေါ်သို့ ကေဘယ်ကားပြေးဆွဲတပ်ဆင်ရန် စီမံကိန်းကို ကရင်ပြည်နယ် ငြိမ်းချမ်းရေးအဖွဲ့တစ်ခုအား လုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင် ဇွဲကပင်တောင်ပေါ်သို့ ကေဘယ်ကားအကြီးပြေးဆွဲတပ်ဆင်ရန် ဂျပန်နိုင်ငံမှ ဒေါ်လာသန်း ၂ဝ ချေးငွေရယူဆောင်ရွက်ရန် စီစဉ်ခဲ့သော်လည်း ညှိနှိုင်းမှုအဆင်မပြေခဲ့ သည့်အတွက် ယခုကဲ့သို့ ကရင်ပြည်နယ် ငြိမ်းချမ်းရေးအဖွဲ့တစ်ခုအား လုပ်ကိုင်ခွင့်ပေး လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
''ဂျပန်နိုင်ငံမှာ ချေးငွေအတွက် ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့ဘူး။ စပေါ်ကလည်း ဒေါ်လာ ၂ သန်းတင်ရမယ်။ ဒီငွေအတွက်ပေးမယ့်သူရှိပေမယ့် ရေရှည်မှာ မလွယ်ဘူး။ အဲ့ဒီအချိန်မှာ ကရင်ပြည်နယ် ငြိမ်းချမ်းရေးအဖွဲ့က သူတို့ တာဝန်ယူလုပ်ပေးမယ်လို့ ပြောတာ ကြောင့် အဲ့ဒီအဖွဲ့ကို လွှဲလိုက်ပြီ။ ရရှိလာတဲ့
အကျိုးအမြတ်ရဲ့ ၇ဝ ရာခိုင်နှုန်းကို သူတို့ယူမယ် ၃ဝ ရာခိုင်နှုန်းကိုတော့ ဘုရားကြီးအတွက် ထည့်ဝင်ဆောင်ရွက်သွားမှာပါ။ အခုလိုလွှဲလိုက်တော့ တာဝန်တစ်ခုပေါ့သွားတယ်''ဟု ဇွဲကပင်တောင် ဆရာတော်ဘဒ္ဒန္တကဝိဓဇ က မိန့်ကြားသည်။
ယင်းအဖွဲ့တည်ဆောက်ပါက ကေဘယ် ကားစီမံကိန်းအတွက် ဒေါ်လာ ရှစ်သန်းခန့် ကုန်ကျနိုင်ကာ သုံးနှစ်အတွင်း အပြီးတည်ဆောက်ရန် အကြမ်းဖျဉ်းသဘောတူညီမှု ရရှိထားကြောင်း၊ အသေးစိတ်ကိုမှု ယခုလ ၁၅ ရက်တွင်ယင်းအဖွဲ့နှင့် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
''ဘုရားပွဲလုပ်ရင် လာသူများတော့ လူခြောက်ရောက်စီးလို့ရတဲ့ အတွဲ ၃ဝ လုပ်စေချင်တယ်။ ဒါမှမဟုတ်ရင် တစ်တွဲမှာ လူများများ စီးလို့ရတဲ့ ပုံစံလုပ်မယ်။ ဒီစီမံကိန်းက ကိုယ်ကျိုးအတွက်လုပ်တာမဟုတ်ပါဘူး။ဆံတော်ရှင်ဘုရားကို လွယ်လွယ်နဲ့ဖူးလို့ရအောင် လုပ်ပေးတာဖြစ်တယ်'' ဟု ဆရာတော်က ထပ်မံ မိန့်ကြားခဲ့သည်။
တည်ဆောက်ရေးပိုင်းကိုမှု ဂျပန်နှင့် သြစတြေးလျနိုင်ငံ တစ်ခုခုမှ ကျွမ်းကျင်ပညာရှင်များကိုခေါ်ယူကာ အသက်သာဆုံးနှင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင်တောင်ပေါ်သို့ စက်ပစ္စည်းနှင့် လူအနည်းငယ် သာ တင်ဆောင်နိုင်သော ကေဘယ်ကား အသေးစားပြေးဆွဲနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
ဇွဲကပင်တောင်သည် ဘားအံမြို့တောင်ဘက် ၇ မိုင်အကွာရှိပင်လယ်ရေမျက်နှာပြင် အထက် ၂၇၃၄ ပေမြင့်ပြီး တောင်နှင့်မြောက် မိုင် ၂ဝခ န့်မျှ သွယ်တန်းရှည်လျားကာ ဆံတော်ရှင် စေတီတော်မြတ်ကြီးကို လာရောက်
ဖူးမြော်သူများ သည် ခြေလျင်တက်ရာတွင် အချိန် ၂ နာရီခွဲ၊ ၃ နာရီခန့် တက်ရောက် ဖူးမြော်နေရသည့်အတွက် အခက်အခဲများရှိနေကြောင်း၊ကေ ဘယ်အကြီးစား စီမံကိန်းပြီးစီးပါက ခရီးသွားများအတွက် ပိုမိုအဆင်ပြေလာမည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် တခုတည်းသော ကေဘယ်ကားဖြစ်
သောကြောင့် ကရင်ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုး တက်လာပြီး စီးပွားရေးအခွင့်အလမ်းတွေ ရရှိလာရုံမက မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းလည်း တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment