Tuesday, May 10, 2016

RCSS နှင့် TNLA တို့အကြား ပဋိပက္ခကို စစ်ရေးနည်းဖြင့် မဖြေရှင်းဘဲ ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးခြင်း နည်းဖြင့် အမြန်ဆုံး အဖြေရှာရန် SSPP တိုက်တွန်း

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA) တို့သည် ရှမ်းပြည်မြောက်ပိုင်းဒေသများတွင် မေ ၁ ရက်မှ စတင်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ ၎င်းတို့အနေဖြင့် နှစ်ဖက်အကြား ပဋိပက္ခကို စစ်ရေးနည်းဖြင့် မဖြေရှင်းကြဘဲ ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် အမြန်ဆုံး အဖြေရှာကြရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) လက်နက်ကိုင်အဖွဲ့က မေ ၇ ရက် နေ့စွဲဖြင့် သဘောထား ထုတ်ပြန်ခဲ့သည်။


လက်ရှိအချိန်သည် နိုင်ငံရေးပြဿနာ များကို စစ်ရေးနည်းဖြင့် ဖြေရှင်းရန် အထူးရှောင်ရှားရန် လိုအပ်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ကြိုးပမ်းဖြေရှင်းနေရမည့် မိမိတို့ ပြည်ထောင်စုကြီးအတွက် အလွန်အရေးကြီးသည့် အချိန်တွင် နှစ်ဖက်အကြား လက်နက်ကိုင် ပဋိပက္ခ ပြန်လည်ဖြစ်ပွားခြင်းသည် တိုင်းရင်းသားလူမျိုးစုများ၏ အဓိကရည်မှန်းချက် ပန်းတိုင်ဖြစ်သော စစ်မှန်သော ဖက်ဒရယ်ပြည်ထောာင်စုကြီး တည်ဆောက်နိုင်ရေးကို နှောင့်နှေးမှုများ ဖြစ်ပေါ်စေသည်ဟု SSPP  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RCSS နှင့် TNLA တို့အကြား လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများတွင် များသောအားဖြင့် SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း ဖြစ်သောကြောင့် SSPP/SSA အနေဖြင့် ပဋိပက္ခ ပိုမိုမကျယ်ပြန့်စေရန် ထိန်းသိမ်းခဲ့ရကြောင်း၊ ထို့ပြင် တစ်ဖက်ဖက်အား ပါဝင်စွက်ဖက်ခြင်း၊ အားပေးခြင်း မပြုလုပ်ဘဲ အတတ်နိုင်ဆုံး ရှောင်ရှားခဲ့ကြောင်း၊ နှစ်ဖက်ဖြစ်ပွားနေသည့် ပဋိပက္ခအကြား ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ထိပါးနှောင့်ယှက်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို လုံးဝ ဆန့်ကျင်ကြောင်း SSPP က ထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်မထိုးရသေးသည့် အဖွဲ့အစည်းဖြစ်ပြီး TNLA အဖွဲ့ကဲ့သို့ပင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)  အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်သည်။ RCSS/SSA ကမူ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ မန်တုန်နှင့် ကျောက်မဲမြို့နယ်များ၌ TNLA နှင့် RCSS/SSA တို့အကြား မေ ၁ ရက်မှ ၆ ရက် အထိ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားရာ တိုက်​ပွဲအကြိမ်ရေ ၂၀ ကျော်ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

RCSS  နှင့် TNLA တို့သည်​ ၂၀၁၅ ခုနှစ်​ နိုဝင်​ဘာက စတင်​တိုက်ပွဲ ဖြစ်​ပွားခဲ့ရာ အဆိုပါတိုက်​ပွဲများ​ကြောင့်​ နှစ်​ဖက်​ထိခိုက်​ ကျဆုံးမှုများရှိခဲ့ပြီး ​ဒေသခံ​ ထောင်​ချီ၍ စစ်​​ဘေးဒုက္ခ ကြုံ​တွေ့ခဲ့ကြရသည်။ ​ဒေသခံများအ​ပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ကျယ်ပြန့်စွာ ပြုလုပ်​​နေ​ကြောင်းလည်း နှစ်​ဖက်​စလုံးမှ အပြန်​အလှန်​ စွပ်​စွဲထုတ်​ပြန်​ ရှင်းလင်းမှုများ ပြုလုပ်​ခဲ့ကြပြီး တိုက်ပွဲဖြစ်ပွားမှုများ ပဋိပက္ခများ  ပြေလည်မှုရရှိအောင် နှစ်ဖက်တိုက်ရိုက် တွေ့ဆုံနိုင်ခြင်း မရှိသေးပေ။

Credit To >>> Eleven Media Group 

0 comments:

Post a Comment