
မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ်ရှိ ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း ကျက်စားလျက် ရှိသည့် ရွှေသမင်များကို ဧပြီလအတွင်း စစ်တမ်းကောက်ယူခဲ့ရာ ပြီးခဲ့သည့် နှစ်ကထက် ကောင်ရေ ၁ဝဝ ကျော် ပိုမိုတိုးပွား လာခဲ့ကြောင်း ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အတွင်းရှိ ရွှေသမင်များကို စာရင်းကောက်ယူခဲ့ရာ ၁၅၇၉ ကောင် တွေ့ရှိ ခဲ့ပြီး ၂ဝ၁၅ ခုနှစ်က ကောင်ရေ ၁၄၈၃ ကောင် တွေ့ရှိခဲ့သည့်အတွက် ကောင်ရေတစ်ရာကျော် တိုးလာခြင်း ဖြစ်ကြောင်း၊ ထိုသို့အကောင်ရေ တိုးလာခြင်းမှာ ထိန်းသိမ်းမှုများ တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် သမင်မုဆိုးများကို ကင်းလှည့်စောင့်ကြပ် ဖမ်းဆီးနိုင်ခဲ့ ခြင်းများကြောင့် ဖြစ်ကြောင်း သိရသည်။
မြန်မာ့ဒေသ မျိုးရင်းဖြစ်သည့် ရွှေသမင်များသည် လုံးဝကာကွယ်ထားသည့် တိရစ္ဆာန်များ စာရင်းတွင် ပါဝင်ပြီး ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း ရွှေသမင်များကို အမဲလိုက် ဖမ်းဆီးမှုများ ရှိနေကာ သမင် စာရင်းကောက်ယူရန် ကွင်းဆင်းလုပ်ဆောင်စဉ် အချိန်အတွင်း သမင်ထောင်ကျော့ကွင်း ၅၂ ခုနှင့် သမင်မုဆိုး သုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ရွက်ပြတ်ရောနှောတော၊ တောခြောက် အမျိုးအစားဖြစ်ပြီး ရွှေသမင်၊ ဆတ်၊ ချေ၊ တောခွေး၊ တောဝက်၊ မျောက်နှင့် ငှက်များ နေထိုင်ကျက်စား လျက်ရှိကြောင်း သိရသည်။ ယခုနှစ် နွေရာသီ တွင် ဘေးမဲ့တောအတွင်း ရွှေသမင်များသောက်ရန် ရေကန်များ ခန်းခြောက်ခဲ့သည့်အတွက် ရေဖြည့်ပေးမှုများ ပြုလုပ်ပေး ခဲ့ရကြောင်း သိရသည်။
Credit To >>> မြ၀တီ
0 comments:
Post a Comment