Monday, April 4, 2016

SNLD မြို့နယ်စုံညီ အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီအသစ် ပြန်လည်ရွေးချယ်မည်ဖြစ်ရာ ထိပ်ပိုင်းခေါင်းဆောင်များ၏ နေရာအပြောင်းအလဲ ရှိနိုင်



ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ မြို့နယ်စုံညီအစည်းအဝေး (၂၀၁၆) ကို ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့၌ ဧပြီ ၃ ရက်မှ စတင် ကျင်းပလျက်ရှိရာ အဆိုပါအစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီအသစ် ပြန်လည်ရွေးချယ်သွားမည်ဖြစ်ပြီး ဥက္ကဋ္ဌနေရာအပါအ၀င် ထိပ်ပိုင်းခေါင်းဆောင်များ၏ နေရာအပြောင်းအလဲရှိနိုင်ကြောင်း SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က အစည်းအဝေး ပထမနေ့အပြီးတွင် ပြောကြားသည်။
ဦးခွန်ထွန်းဦး ဥက္ကဋ္ဌအဖြစ် ခေါင်းဆောင်သည့် SNLD ပါတီတွင် ဗဟိုအလုပ်အမှုဆောင် ၁၁ ဦး၊ ဗဟိုကော်မတီ ၇၅ ဦးတို့ ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယခု မြို့နယ်စုံညီ အစည်းအဝေးကို ဧပြီ ၅ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း မြို့နယ်ပေါင်း ၄၆ မြို့မှ ကိုယ်စားလှယ် ၂၆၅ ဦး တက်ရောက်လျက် ရှိကြောင်း SNLD မှ သိရသည်။

SNLD ပါတီ၏ တွဲဖက်အတွင်းရေးမှူးလည်းဖြစ်သူ ဦးစိုင်းလိတ်က“ပထမတစ်ချက်ကတော့ ကျွန်တော်တို့ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရယ် နောက်ပြီးတော့ ဗဟိုကော်မတီရယ် အဲဒီနှစ်ခုကို အသစ်ပြန်လည် ရွေးချယ်တင်မြှောက်မယ်။ နောက် လွှတ်တော်ထဲ ရောက်နေတဲ့ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်တွေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ NLD နဲ့လက်တွဲပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဥပဒေတွေ နည်းဥပဒေတွေ အသစ်တွေပြန်လည်ချမှတ်ဖို့ ဒီမိုကရေစီ စံနှုန်းနဲ့မကိုက်ညီတဲ့ ဥပဒေတွေ နည်းဥပဒေတွေ အဲဒါတွေကို ဖျက်သိမ်းဖို့ အဲဒါ ဘယ်လိုနည်းလမ်းနဲ့ လက်တွဲဆောင်ရွက်ကြမလဲ။ အဲဒီအချက်တွေ ဆွေးနွေးဖို့ ရှိပါတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ ၎င်းက“ကျွန်တော်တို့ အမှုဆောင်ရွေးတယ်ဆိုတာ လက်ရှိရွေးထားတဲ့ အလုပ်အမှုဆောင်အကုန်လုံးက နုတ်ထွက်ရမယ်။ နုတ်ထွက်ပြီးမှ နောက်ထပ်အသစ် ပြန်လည်ရွေးချယ်ရမယ်။ အဲဒီတော့ ဥက္ကဋ္ဌ အတွင်းရေးမှူး အပြောင်းအလဲ ရှိကောင်းရှိနိုင်တယ်”ဟု ဆိုသည်။

အစည်းအဝေး ပထမနေ့တွင် SNLD ဗဟိုအလုပ်အမှုဆောင် ဒုတိယဥက္ကဋ္ဌ စိုင်းစောအောင်က လက်ရှိပါတီ ဖွဲ့စည်းပုံစည်းမျဉ်းအား ပြန်လည်ပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များကို သုံးသပ်တင်ပြခဲ့ပြီး အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ နိုင်ငံရေးအစီရင်ခံစာကို ဖတ်ကြားတင်သွင်းခဲ့သည်။  
Credit To >>> Eleven Media Group

0 comments:

Post a Comment