Monday, April 4, 2016

နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်နိုင်ရေး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးတို့ အနေဖြင့် အစိုးရသစ်နှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပေးရန် AAPP မေတ္တာရပ်ခံ

နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်နိုင်ရေးအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ အနေဖြင့် အစိုးရသစ်နှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောကြားသည်။
လက်ရှိတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ ကို အသုံးပြု၍ ဖမ်းဆီးအကျဉ်းချထားခံရသူများ၊ အမှုရင်ဆိုင်နေရသူများ အပါအ၀င် ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၁၀၀ ရှိပြီး အမှုရင်ဆိုင်နေရ သူ ၄၂၀ ရှိသည်ဟု ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ မူဝါဒများထဲတွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးမူသည် ထိပ်တန်းမူဝါဒအဖြစ် ပါဝင်သောကြောင့် NLD ဦးဆောင်သော အစိုးရသစ်အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ၊ တက်ကြွလှုပ်ရှားသူများနှင့် အမျိုးသားပညာရေး ဥပဒေပြုပြင်ပြောင်းလဲရေးအတွက် ဆန္ဒပြခဲ့သောကြောင့် ဖမ်းဆီးခံနေရသည့် ကျောင်းသားများ အမြန်ဆုံး လွတ်မြောက်လာမည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း အဖွဲ့အစည်းများက မျှော်လင့်နေကြသည်။

ဦးဘိုကြည်က “အစိုးရကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ အပူတပြင်း ဆောင်ရွက်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ အစိုးရက ဘယ်လောက်အထိ လုပ်ပိုင်ခွင့် ရှိသလဲ။ ကာချုပ်က ဘယ်လောက်အထိ လုပ်ပိုင်ခွင့်ရှိသလဲဆိုတဲ့ အပေါ်မှာ ကျွန်တော်တို့ စောင့်ကြည့်ရမှာပေါ့။ အစိုးရရဲ့ လုပ်ပိုင်ခွင့် အပြည့်အ၀ ရှိတယ်ဆိုရင်တော့ အမြန်ဆုံး လွတ်လာမှာပါ” ဟု ပြောကြားသည်။

ဆက်လက်၍ ဦးဘိုကြည်က “အဓိကတော့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပြည်ထဲရေး ၀န်ကြီးအနေနဲ့ လက်ရှိအစိုးရသစ်နဲ့ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် အမြန်ဆုံး လွတ်လာနိုင်တဲ့ အနေအထား ရှိပါတယ်။ ဒါက တစ်ထိုင်တည်း ဆုံးဖြတ်လို့ရတဲ့ ကိစ္စတွေပါ။ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး အနေနဲ့ အစိုးရသစ်နဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဆိုသည်။

ဦးဘိုကြည်သည် ဧပြီ ၁ ရက်က ရန်ကုန်မြို့၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းနှင့် အလွတ်သဘော တွေ့ဆုံ၍ နိုင်ငံရေး အကျဉ်းသားရေးရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်က အကြံပေးတာက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အနေနဲ့ ဒီကိစ္စကို စွမ်းစွမ်းတမံ ကြိုးစားတယ် ထိပ်တန်း ဆုံးဖြတ်ချက်ဖြစ်တယ် ဆိုတာမျိုးကို ထွက်ပြီးတော့ တစ်ခုခု ပြောဆိုနိုင်ရင်တော့ ပိုကောင်းတယ်ပေါ့လေ” ဟု ဦးဥာဏ်ဝင်းနှင့် တွေ့ဆုံစဉ် အကြံပြုခဲ့သည်ဟု ဦးဘိုကြည်က ပြောကြားသည်။

NLD ဦးဆောင်သည့် အစိုးရသစ်၊ နိုင်ငံတော် သမ္မတသစ် ဦးထင်ကျော် လက်ထက်တွင် နိုင်ငံရေး အကျဉ်းသားများအား အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့် ဖော်ဆောင်ရန် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဆိုပြု တောင်းဆိုထားသည်။

ဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံရေး အကျဉ်းသားများစွာကို အကျဉ်းထောင်များမှ ပြန်လွှတ်ပေးခဲ့သော်လည်း ပုဒ်မ ၄၀၁ ဖြင့် ချည်နှောင်ထားသောကြောင့် အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်ကို လိုလားခြင်းဖြစ်ကြောင်း AAPP မှ ဦးကျော်ဆန်းက ပြောကြားသည်။

“၄၀၁ ဆိုတဲ့ဟာမှာ သူက ကြွေးကျန်ပေါ့။ ဥပမာ ထောင်အနှစ်နှစ်ဆယ်ကျတဲ့ သူက ၁၀ နှစ်မှာ သူ့ကို လွှတ်ပေးလိုက်တယ်ဆိုရင် ၁၀ နှစ် ကြွေးကျန်ဆိုတာ ရှိတယ်။ အဲဒီကြွေးကျန်က နောင်ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်ခဲ့တယ်ဆိုရင် အဲဒီကြွေးကျန်ကို ပြန်ပေါင်းမှာပေါ့။ အဲဒီလို ၄၀၁ နဲ့ ချည်နှောင်ထားတာပါ” ဟု ဦးကျော်ဆန်းက ရှင်းပြသည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် ပတ်သက်ပြီး ဧပြီ ၁ ရက်ထုတ် အစိုးရ သတင်းစာတွင် အာဏာရှင်စနစ် ဆန့်ကျင်ရင်း ဒီမိုကရေစီ တော်လှန်ရေးအတွင်း၌ ကျဆုံးခဲ့သူ အများအပြား ရှိခဲ့ကြောင်း၊ လက်ရှိအချိန်အထိလည်း အကျဉ်းထောင်များတွင် အာဏာရှင် ဆန့်ကျင်ရေး ဒီမိုကရေစီသမားများ အမြောက်အမြား ရှိနေသေးကြောင်း၊  လက်ရှိအချိန်သည် နိုင်ငံရေးအကျဉ်းသား ဆိုသည်မှာ မရှိသင့်တော့ကြောင်း၊ ထို့ကြောင့် ယုံကြည်ချက် အမျိုးမျိုးတို့ကြောင့် ထောင်သွင်းအကျဉ်းချခြင်း ခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ အနေဖြင့် မိသားစုများနှင့် အမြန်ဆုံး ပြန်လည်ပေါင်းစည်းနိုင်ကြပါစေ ဟု ရေးသားဖော်ပြခဲ့သည်။

ဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံရေး အကျဉ်းသားများ စိစစ်ခြင်းကို အစိုးရတာဝန်ရှိသူများ၊ နိုင်ငံရေး အကျဉ်းသားရေးရာ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ပါဝင်သည့် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီတစ်ခု ဖွဲ့စည်းပြီး အကျဉ်းသားများအား စိစစ်လွှတ်ပေးခဲ့သော်လည်း ၂၀၁၄  ခုနှစ်မှစတင်၍ စိစစ်ခြင်း လုပ်ငန်းများ လုပ်ဆောင်ခြင်း မပြုတော့ပေ။
Credit To >>> Eleven Media Group

0 comments:

Post a Comment