Thursday, April 7, 2016

ခုံးကျော်တံတားနှစ်စင်း ထပ်ဆောက်မည့် စီမံကိန်း ဖျက်သိမ်းရန် လွှတ်တော် ဆုံးဖြတ်

ယခုနှစ် (၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်)တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ထပ်မံဆောက်လုပ်မည့် ခုံးကျော်တံတားနှစ်စင်း၏ စီမံကိန်းများကို ဖျက်သိမ်းကြောင်း တိုင်းဒေသကြီး အစိုးရသစ် အဆိုပြုချက်ကို တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုလိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ဧပြီလ ၆ရက်က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ယင်းသို့ အတည်ပြုလိုက်ခြင်း ဖြစ်သည်။
၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ဝန်ကြီးဟောင်း ဦးမြင့်ဆွေ ဦးဆောင်သော အစိုးရအဖွဲ့က ရေးဆွဲခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းပါ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းထောင့်တွင် တည်ဆောက်မည့် ခုံးကျော်တံတားနှင့် မြောက်ဥက္ကလာပ လမ်းဆုံတွင် တည်ဆောက်မည့် ခုံးကျော်တံတား စီမံကိန်းတို့ ဆောက်လုပ်ရန် လျာထားသည့် ဘတ်ဂျက်ကို အခြား ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုရန် တိုင်းဒေသကြီး အစိုးရသစ်က ပြန်လည်ပြင်ဆင် တင်ပြလာသည့်အဆိုကို တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်သည်။
ယင်းခုံးကျော်တံတား နှစ်စင်းဆောက်လုပ်ရန် ကုန်ကျမည့် ဘတ်ဂျက်မှာ ကျပ် ၃၂ ဒသမ ၁ ဘီလီယံ ဖြစ်ပြီး ယင်းကုန်ကျငွေများကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ် ပြင်ပရှိ မြို့နယ်နှင့် ကျေးရွာများ ဖွံ့ဖြိုးရေးအတွက် အသုံးပြုသွားရန် ပြင်ဆင်ရေးဆွဲလိုက်ကြောင်း အသစ်ခန့်အပ်လိုက်သည့် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက လွှတ်တော်တွင် ပြောကြားသည်။
ယင်းဘတ်ဂျက် ပမာဏသည် ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးတွင် အသုံးပြုမည့် ဘတ်ဂျက်၏ ၂၅ရာခိုင်နှုန်း ရှိသည့်အတွက် စည်ပင်သာယာ နယ်နိမိတ်ပြင်ပသာမက နယ်နမိတ်အတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများတွင်လည်း အသုံးပြုနိုင်သောကြောင့် ပြင်ဆင်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သော်လည်း အစိုးရအဖွဲ့က ပြင်ဆင်ရေးဆွဲလာသည်ကို လွှတ်တော်အနေနှင့် ပြင်ဆင်ခွင့်မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လွှတ်တော်၌ ပြန်လည်ဖြေရှင်းခဲ့သည်။
ယင်းနောက် အစိုးရအဖွဲ့၏ ပြင်ဆင်ချက်ကို လွှတ်တော်ဥက္ကဋ္ဌက မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ များပြား၍ အတည်ပြုခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၏ ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက် ကျပ်သန်းပေါင်း ၃၃၆၂၁၈ ဒသမ ၅၇ အသုံးပြုရန်လျာထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရသုံးမှန်းခြေ ငွေစာရင်းတွင် ဖော်ပြထားသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment