Monday, March 21, 2016

SNDP ပါတီ ဥက္ကဋ္ဌအဖြစ် ဦးစိုင်းအိုက်ပေါင်း ထပ်မံရွေးချယ်ခံရ

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းရေး ညီလာခံတွင် ပါတီဥက္ကဋ္ဌကို ပြန်လည်ရွေးချယ်ရာတွင် မူလဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦးစိုင်းအိုက်ပေါင်းကို ထပ်မံရွေးချယ်ကြောင်း ယင်းပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလှကျော်က ပြောကြားသည်။

မတ်လ ၂၀ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ SNDP ရုံးချုပ်တွင် စတင်ကျင်းပသော ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ရေး ညီလာခံတွင် ပါတီဥက္ကဋ္ဌ နေရာအတွက် ယင်းသို့ မဲခွဲဆုံးဖြတ်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ညီလာခံတွင် ပါတီဥက္ကဋ္ဌအဖြစ် ဦးစိုင်းအိုက်ပေါင်းနှင့် ဦးစိုင်းလှကျော် နှစ်ဦးကို အဆိုပြုတင်သွင်းခဲ့သော်လည်း ဦးစိုင်းလှကျော်ကမူ ယင်းသို့ အဆိုပြုခံရခြင်းကို ငြင်းပယ်ခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်နဲ့ ဦးစိုင်းအိုက်ပေါင်း နှစ်ယောက်ကို အဆိုပြုကြတယ်။ အဲဒါ ကျွန်တော်က မလုပ်ချင်တော့ ငြင်းတာပေါ့။ အဲဒီတော့ ဦးစိုင်းအိုက်ပေါင်း တစ်ယောက်တည်းကိုပဲ ကန့်ကွက်ထောက်ခံမဲ ခွဲရတော့တာပေါ့နော်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ညီလာခံ ပထမနေ့တွင် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းရာ၌ လူငယ်အရေအတွက် ပိုမိုပါဝင်လာကြောင်း ဦးစိုင်းလှကျော်က ရှင်းပြသည်။
“ထူးခြားတာကတော့ လူငယ်တွေ ပိုပြီးတော့ ပါလာတာပဲ။ သူတို့ကိုလည်း နေရာပေးရမှာပေါ့” ဟု ၎င်းက ဆိုသည်။
ထို့အပြင် မတ်လ ၂၁ ရက်နေ့တွင် ဆက်လက်ကျင်းပမည့် SNDP ပါတီ၏ ညီလာခံ ဒုတိယနေ့တွင် ပါတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး မူဝါဒများ ချမှတ်မည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီသည် ပထမအကြိမ် လွှတ်တော်သက်တမ်း အတွင်း လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၅၈ ဦး အနိုင်ရရှိခဲ့သော်လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်မူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးသာ အနိုင်ရရှိခဲ့သည်။
ယင်းပါတီကို ၂၀၁၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်ကာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ဦးခွန်ထွန်းဦး ဦးဆောင်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီနှင့် ပူးပေါင်းရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့သော်လည်း လက်ရှိအချိန်အထိ ပေါင်းစည်းနိုင်ခြင်း မရှိသေးပေ။
Credit To >>> The Voice Weekly

0 comments:

Post a Comment