Thursday, March 24, 2016

အစိုးရသစ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းဆောင်ရွက်ရန် KIO က ငြိမ်းချမ်းရေးနှင့်နိုင်ငံရေး အကြံပေးအဖွဲ့ ဖွဲ့စည်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဦးဆောင်မည့် အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ် (KIO)က ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးရှေ့လုပ်ငန်းစဉ် အကြံပေးအဖွဲ့ကို ဖွဲ့စည်းကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ဝင် ဦးစန်းအောင်ကပြောကြားသည်။

အဆိုပါ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးရှေ့လုပ်ငန်းစဉ်အဖွဲ့တွင် KIO မှ ဒုတိယဥက္ကဋ္ဌ(၂) ဗိုလ်ချုပ်ဂွမ်မော် အပါအဝင် ငါးဦးသာပါဝင်ပြီး ပြင်ပ ပညာရှင်များအဓိကထား ထည့်သွင်းထားကာ စုစုပေါင်း ၃၆ ဦးဖြင့် ဖွဲ့စည်းထားကြောင်း ၎င်းကဆိုသည်။
“မူအရကတော့ ဖွဲ့စည်းပြီးသွားပြီလို့ ပြောရမယ်။ ဒီအဖွဲ့က လူထုရဲ့အသံနဲ့ KIO အကြားမှာရှိမယ်။ ပြီးရင် ရှေ့ဆက် ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အောက်ခြေနဲ့ အပေါ်ကို ပေါင်းစပ်ပေးမှာပေါ့”ဟု ၎င်းက ဆိုသည်။
အဆိုပါ အကြံပေးအဖွဲ့သည် ဧပြီလ ပထမပတ်အတွင်း တရားဝင် ရုံးခန်းဖွင့်လှစ်ပြီးနောက် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များကို စတင် လေ့လာသုံးသပ်သွားမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂ဝ၁၁ ခုနှစ်မှစတင်ကာ တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သော်လည်း တစ်နိုင်ငံလုံး အပစ်၊ အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ဖြစ်ပေါ်လာရေး ပါဝင်ညှိနှိုင်းမှုများပြုလုပ်ခဲ့သည်။
သို့သော်လည်း NCA တွင် တိုင်းရင်းသားလက်နက်ကိုင်များ အားလုံးပါဝင်လက်မှတ်ရေးထိုးရေးမူကို အစိုးရက လက်မခံသောကြောင့် NCA တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းမပြုခဲ့ပေ။
ထို့အပြင် ဖေဖော်ဝါရီလအတွင်း KIO/KIA က တပ်မဟာ(၆)ကို အသစ်ဖွဲ့စည်းလိုက်သည်ဟုဆိုကာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်က စစ်ရေးလှုပ်ရှားမှု တိုးမြှင့်ထားကြောင်း နှစ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သည် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွင် ပါဝင်လျက်ရှိသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment