Monday, March 21, 2016

ဦးသိန်းစိန် အစိုးရ လက်ထက် ငါးနှစ် ကာလအတွင်း နိုင်ငံခြား အကူအညီ အထောက်အပံ့နှင့် နည်းပညာ ရရှိမှု အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော် တန်ဖိုးရှိပြီး စီမံချက် စုစုပေါင်း ၁၂၇၀ ခုရှိ

ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ငါးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြား အကူအညီ အထောက်အပံ့နှင့် နည်းပညာ ရရှိမှုမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော် တန်ဖိုးရှိပြီး စီမံချက် စုစုပေါင်း ၁၂၇၀ ခုရှိကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။


ငါးနှစ်တာ ကာလအတွင်း နိုင်ငံခြား အကူအညီ အထောက်အပံ့ ရယူ ဆောင်ရွက်ရာတွင် ငွေကြေးနှင့် နည်းပညာ နှစ်မျိုးရှိပြီး ရေတို၊ ရေရှည် ဖွံ့ဖြိုးရေး လုပ်ငန်းများ ထိရောက်စေရေးအတွက် ပွင့်လင်းမြင်သာမှု ရှိရှိ ဆောင်ရွက်ရန်နှင့် ပြည်သူများ လက်တွေ့ ခံစားနိုင်သော ဖွံ့ဖြိုးမှု အသီးအပွင့်များ ဖြစ်စေရန် အလေးထားခဲ့သည်ဟု ဆိုသည်။

ထိုသို့ နိုင်ငံခြား အကူအညီ အထောက်အပံ့နှင့် နည်းပညာတို့ကို ရယူ ဆောင်ရွက်ရာတွင် နိုင်ငံ၏ ဦးစားပေး ဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် ဆင်းရဲ မွဲတေမှု လျှော့ချရေး၊ ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းများအရ ဦးစားပေး ကဏ္ဍနှင့် ဦးစားပေး နယ်မြေ စသည့် ကဏ္ဍများနှင့် ကိုက်ညီမှု ရှိရန်၊ လုပ်ငန်းများ အချင်းချင်း ထပ်နေသည်များ၊ လစ်ဟာနေသည်များ မရှိစေရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်များအကြား သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် အပြန်အလှန် ညှိနှိုင်းကာ အချိုးကျမျှတစွာ ဖြစ်ရေးကို အလေးထားခဲ့ကြောင်း သိရသည်။

ငါးနှစ်တာ ကာလအတွင်း ဖွံ့ဖြိုးမှု ပူးပေါင်းရေးအတွက် အလှူရှင် နိုင်ငံများနှင့် နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံပေါင်း ၂၄ နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်း ငါးခု၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း ၂၀၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း ၁၀၆ ခုနှင့် အခြား အဖွဲ့အစည်း ငါးခုတို့မှ လုပ်ငန်း စီမံချက်များကို ဆောင်ရွက်နေခြင်းဖြစ်သည်။

နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများမှ ပေးအပ်သော အကူအညီများ အနေဖြင့် နိုင်ငံ အချင်းချင်း ဆောင်ရွက်မှုတွင် လုပ်ငန်း စီမံချက် ၃၂၃ ခု၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ဆောင်ရွက်မှုတွင် လုပ်ငန်း စီမံချက် ၄၉ ခု၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများဖြင့် ဆောင်ရွက်မှုတွင် လုပ်ငန်း စီမံချက် ၇၂၅ ခု၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများဖြင့် ဆောင်ရွက်မှုတွင် လုပ်ငန်း စီမံချက် ၁၆၂ ခု၊ အခြား အဖွဲ့အစည်းများဖြင့် ဆောင်ရွက်မှုတွင် လုပ်ငန်း စီမံချက် ၁၁ ခု စုစုပေါင်း လုပ်ငန်း စီမံချက် ၁၂၇၀ ခုကို ဆောင်ရွက်နိုင်ခဲ့ပြီး စီမံချက်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၈၄၆ ဒသမ ၉၉၈ သန်း (၃ ဒသမ ၈ ဘီလျံ) ရှိခဲ့သည်။

ငါးနှစ်တာ ကာလအတွင်း အကူအညီ အထောက်အပံ့နှင့် နည်းပညာများ ရယူခဲ့သော နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်း စုစုပေါင်း ၁၆၀ ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလျံဖိုးရှိ လုပ်ငန်း စီမံချက် ၁၂၇၀  အနက် ဆောင်ရွက်ပြီး စီမံချက် ၈၃၈ ခု (စီမံချက် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၇၂ ဒသမ ၂၂၁ သန်း)ရှိပြီး ဆောင်ရွက်ဆဲ လုပ်ငန်းပေါင်း ၄၃၂ ခု (စီမံချက် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁၇၄ ဒသမ ၇၇၇) ကျန်ရှိကြောင်း သိရသည်။

ထို့ပြင် နိုင်ငံခြား အကူအညီ အထောက်အပံ့ ဗဟိုကော်မတီမှ ခွင့်ပြုထားသည့် လုပ်ငန်းစီမံချက် ၄၃ ခုကို နိုင်ငံပေါင်း ခြောက်နိုင်ငံနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာန ၁၂ ခုနှင့် အဖွဲ့အစည်း နှစ်ခုတို့မှ လက်မှတ်ရေးထိုး ဆောင်ရွက်ရန် ညှိနှိုင်းနေကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။
Credit To >>> Eleven Media Group 

0 comments:

Post a Comment