Monday, March 21, 2016

ခရီးသွားဧည့်သည်များ ကော့သောင်းခရိုင် ကမ်းရိုးတန်းဒေသအတွင်းသို့ လာရောက်လည်ပတ်မှု ပိုမိုများပြား


ခရီးသွားလုပ်ငန်းသည် ယနေ့အချိန် အခါတွင် အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လျက် ရှိသော စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ်လာပြီး ခရီးသွားလုပ်ငန်းမှတစ်ဆင့် အခြားစီးပွားရေး လုပ်ငန်းဆောင်ရွက်မှုအသစ်များ ဖြစ်ပေါ်လာ စေရန် လှုံ့ဆော်ပေးနိုင်သဖြင့် ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် အဓိကကဏ္ဍတစ်ခုအဖြစ် နိုင်ငံများစွာက ရှုမြင်လာကြပြီဖြစ်သည်။

ယနေ့မြန်မာနိုင်ငံသည် ပြောင်းလဲလာသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ နှင့်သွားလာရေးအဆင်ပြေချောမွေ့အောင် လမ်း၊ တံတားများ တိုးချဲ့တည်ဆောက်ပြုပြင်မှုများကြောင့် လည်ပတ်ရန် ခရီးစဉ်ဒေသများသို့ လွယ်ကူစွာ သွားလာနိုင်ခြင်းနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းသွားစေရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရယူဆောင်ရွက်နိုင်ခြင်း တို့ကြောင့် ကမ္ဘာ့နိုင်ငံများအကြားတွင် အသိ အမှတ်ပြုခြင်း၊ စိတ်ဝင်တစား အလေးထား ခြင်းများရရှိလာသကဲ့သို့ ခရီးသွားလုပ်ငန်း နယ်ပယ်တွင် နိုင်ငံခြားသားခရီးသွား ဧည့်သည်များအတွက် လာရောက်လည်ပတ်ရန် ဆွဲဆောင်မှုအားကောင်းသည့် ခရီးစဉ် ဒေသတစ်ခုအသွင်အဖြစ် ထင်ရှားလျက်ရှိသည်။

ခရီးသွားဧည့်သည်များသည် ပွင့်လင်းရာသီသို့ ရောက်ရှိလာခြင်း၊ ညအိပ်ခရီးစဉ်များနှင့် နေ့ချင်းပြန်ခရီးစဉ်များကို မြိတ်ကျွန်းစုဒေသ အတွင်း စက်တပ်ရွက်လှေများဖြင့် လှည့်လည် လည်ပတ်ကြည့်ရှုခြင်းအား ဖြေလျှော့ခွင့်ပြု ပေးခဲ့ခြင်းကြောင့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ပြည်ပခရီးသွား ဧည့်သည်များသာမက ပြည်တွင်းခရီးသွား ဧည့်သည်များပါ တစ်လထက်တစ်လ တိုးတက် ဝင်ရောက်လျက်ရှိရာ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ လမှ ဒီဇင်ဘာလအတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ၂၇၃၈၃၃ဦး ဝင်ရောက်ခဲ့ပြီး အပျော်စီးစက်တပ်ရွက်လှေ ခရီးစဉ်အနေဖြင့် ခရီးသွားဧည့်သည် ၃၂၆ဝ ဝင်ရောက်လည်ပတ်ခဲ့သည်။

ပထဝီအနေအထား သတ်မှတ်ချက်အရ ဧရိယာစတုရန်းမိုင်ပေါင်း ၁၁၃၂ဝ ကျယ် ဝန်းပြီး ကျွန်းကြီးရှစ်ကျွန်းနှင့် ကျွန်းလတ်၊ ကျွန်းငယ်ပေါင်း ၇၉၅ ကျွန်း စုစုပေါင်း ၈ဝ၃ ကျွန်းနှင့် ဖွဲ့စည်းထားကာ သွားလာလည်ပတ်ရန် အကောင်းဆုံးကျွန်းများအနေဖြင့် ကြက်မောက်ကျွန်း၊ အနောက်ကျွန်းနီကျွန်း၊ ခရင်းခွကျွန်း၊ ကျွန်းဖီလာကျွန်း၊ မြောက်တော် ဝင်ကျွန်း၊အမှတ်(၁၁၅)ကျွန်း၊ ညောင်ဝှီး ကျွန်း၊ဘိုချိုကျွန်း၊ လန်ပိကျွန်း၊ ကျောက်သင်ပုန်း ကျွန်း၊ ဝအလယ်ကျွန်း၊ နတ်သမီးရေတွင်း ကျွန်းများဖြစ်ပြီး အဆိုပါကျွန်းများသို့ ခရီး သွားဧည့်သည်များမှ သွားရောက်ကာ ရေငုပ်ခြင်း၊ ရေအောက်ကြည့်ရှုခြင်း၊ ရွက်လွှင့်ခြင်း၊ လှေလှော်ခြင်း၊ ငှက်ကြည့်ခြင်း၊ ဆလုံလူမျိုး တို့၏ ယဉ်ကျေးမှုနှင့် လမုတောများကြည့်ရှု ခြင်း၊ တောတွင်းလမ်းလျှောက်ခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ကော့သောင်းမြို့ နယ်စပ်ဝင်ပေါက်များဖြစ်သည့် မြို့မတံတား၊ သဌေးကျွန်းနှင့် ရတနာ ကျွန်းတို့မှ ကော့သောင်းမြို့သို့ ဝင်ရောက် လည်ပတ်သော ခရီးသွားဦးရေမှာ ၂ဝ၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံသား ၁၇၇၈၂၆ ဦးနှင့် အခြားနိုင်ငံသား ၃၉၃၂၃ ဦးဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံသား ၂၄၄ဝ၄၇ ဦးနှင့် အခြားနိုင်ငံသား ၂၄၁၂၉ ဦး ဝင်ရောက် လည်ပတ်ခဲ့သည်။ ကော့သောင်းလေဆိပ်မှ တစ်ဆင့်ဝင်ရောက်ခဲ့သော ခရီးသွားဧည့် သည်များမှာ ၂ဝ၁၄ ခုနှစ်တွင် ၁၉၉၃ ဦး၊ ၂ဝ၁၅ ခုနှစ်တွင် ၂၃၉၇ ဦး ဝင်ရောက်ခဲ့ပြီး ကျွန်းများသို့ အပျော်စီးစက်တပ်ရွက်လှေဖြင့် ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ၂ဝ၁၄ ခုနှစ်တွင် ၂၅၂၆ ဦး၊ ၂ဝ၁၅ ခုနှစ်တွင် ၃၂၆ဝ ဝင်ရောက်လည်ပတ်ခဲ့ကြသည်။ 

ယခု ၂ဝ၁၆ ခုနှစ် ဇန်နဝါရီမှ မတ် ၁၆ ရက်ထိ စက်တပ်ရွက်လှေခရီးစဉ် ၂ဝ၆ ခု ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ခရီးသွားဧည့်သည် စုစုပေါင်း ၁၆၂၅ ဦး လာရောက်လည်ပတ်ခဲ့သည်။

ဤသို့ သဘာဝအလှများဖြင့် ပြည့်စုံပြီး ရှည်လျားသော ပင်လယ်ကမ်းရိုးတန်း တည်ရှိကာ ထူးခြားဆန်းကြယ်လှပသည့် သဘာဝတောတောင်ရှုခင်းများ၊ ရှားပါးသည့် သဘာဝအပင်များနှင့် ကျေးငှက်တိရစ္ဆာန် အမျိုးပေါင်း မြောက်မြားစွာနေထိုင်ကာ ပင်လယ်ရေအောက် သန္တာကျောက်တန်းနှင့် ရေနေသတ္တဝါများပေါများသည့် မြိတ်ကျွန်းစု ဒေသ ကော့သောင်းမြို့သို့ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုမှာ တဖြည်းဖြည်းမြင့်တက်လျက်ရှိကြောင်း သိရသည်။ 

Credit To >>> The Mirror Daily

0 comments:

Post a Comment