Thursday, March 17, 2016

မွန်နှင့် ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို ဧပြီလအတွင်း ဖွဲ့စည်းမည်

တပ်မတော်နှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်မည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီကို ဧပြီလ အတွင်း၌ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အဖွဲ့ထံမှ သိရသည်။


တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီများကို ဖွဲ့စည်းလျက်ရှိရာ ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို ဇန်န၀ါရီ ၉ ရက်က ရှမ်းပြည်နယ် ခိုလန်မြို့၌ လည်းကောင်း၊ တနင်္သာရီတိုင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို ဖေဖော်ဝါရီ ၂၅ ရက်တွင် တနင်္သာရီတိုင်း မြိတ်မြို့တွင် လည်းကောင်း ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

မွန်နှင့် ကရင်ပြည်နယ် JMC ဖွဲ့စည်းမည့် ကိစ္စနှင့် ပတ်သက်၍ JMC-U အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးက “ဧပြီလကုန် ပိုင်းမှာတော့ မော်လမြိုင်မှာရော ဘားအံမှာရော မွန်နဲ့ ကရင်ပြည်နယ်ပေါ့။ အဲဒါက ဧပြီလကုန်ပိုင်းမှာ ဖွဲ့မှာပေါ့။ အဲဒီမှာက KNU (ကရင်အမျိုးသား အစည်းအရုံး) ရယ်၊ DKBA (ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်ဖွဲ့) ရယ်၊ KNU/KNLA-PC ရယ် ရှိတယ်” ဟု မတ် ၁၅ ရက်တွင် ပြောကြားသည်။

JMC-U အတွင်းရေးမှူး(၂) တပ်မတော်မှ ဗိုလ်မှူးကြီး ၀ဏ္ဏအောင်ကလည်း “မွန်နဲ့ ကရင်မှာ JMC ဖွဲ့ဖို့က ဧပြီလထဲမှာ လုပ်ဖို့ ရှိပါတယ်။ ဖွဲ့စည်းပုံကတော့ ရှမ်းနဲ့ တနင်္သာရီ ဖွဲ့သလိုပါပဲ။ ကျွန်တော်တို့ JMC-U အစည်းအဝေးကလည်း ဧပြီမှာပဲ လုပ်မှာ။ အဲဒီကျရင်တော့ နောင်လုပ်မယ့် အလုပ်တွေကို ထပ်သိရမှာပေါ့” ဟု ပြောကြားသည်။

တပ်မတော်မှ ကိုယ်စားလှယ်များ အပါအ၀င် အစိုးရ ကိုယ်စားလှယ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နှစ်ဖက်က အဆိုပြုသည့် အရပ်သား ကိုယ်စားလှယ်များ အချိုးကျစီ ပါဝင်သည့် ရှမ်းနှင့် တနင်္သာရီ JMC အဖွဲ့များ အနေဖြင့် လုပ်ငန်းများ ပူးတွဲပြီး ဆောင်ရွက်နေသောကြောင့် တစ်ဖက်နှင့် တစ်ဖက် ထိတွေ့ ပစ်ခတ်မှုများ မရှိကြောင်းလည်း ဗိုလ်မှူးကြီး ၀ဏ္ဏအောင်၏ ပြောပြချက်အရ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီများ ဖွဲ့စည်းရာတွင် အစိုးရဘက်မှ ကိုယ်စားလှယ်ငါးဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်မှ ကိုယ်စားလှယ် ငါးဦး၊ အစိုးရဘက်မှ အဆိုပြုသည့် အရပ်သား ကိုယ်စားလှယ် နှစ်ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဘက်မှ အဆိုပြုသည့် အရပ်သား ကိုယ်စားလှယ် နှစ်ဦး စုစုပေါင်း ၁၄ ဦး ပါဝင်ရမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီများ အနေဖြင့် တပ်မတော်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများ၊ ပဋိပက္ခများ မဖြစ်ပွားရေးအတွက် တပ်နေရာချထားရေး ကိစ္စများ ညှိနှိုင်းဆောင်ရွက်ရန်၊ တစ်ဖက်နှင့် တစ်ဖက် ပဋိပက္ခများ ဖြစ်ပေါ်လာပါက ပြဿနာများ ပြေလည်မှု ရရှိအောင် ဆောင်ရွက်ရန်နှင့် အရပ်သားများကို အကာအကွယ် ပေးရေး ကိစ္စများ စသည်တို့ကို လုပ်ဆောင်သွားရန်ဖြစ်ကြောင်း သိရသည်။
Credit To >>>  Eleven Media Group

0 comments:

Post a Comment