Thursday, March 17, 2016

အစွန်းရောက် အကြမ်းဖက် အန္တရာယ် ကြိုတင် ကာကွယ်တားဆီးနိုင်ရေး တိုးချဲ့လုပ်ဆောင်ရန်လိုဟု တပ်/ချုပ် ပြောကြား

အာဆီယံ ဒေသတွင်း နိုင်ငံများအတွင်း အစွန်းရောက် အကြမ်းဖက် အန္တရာယ်ကို ကြိုတင် ကာကွယ်တားဆီးနိုင်ရေး တိုးချဲ့လုပ်ဆောင်ရန် လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

မတ်လ ၁၄ ရက်နေ့က လာအိုနိုင်ငံ ဗီယက်ကျင်း မြို့တွင်ရှိ Don Chan Palace ဟိုတယ်တွင် ပြုလုပ်သော (၁၃) ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းသို့ ပြောဆိုခြင်းဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
အစွန်းရောက်နှင့် အကြမ်းဖက်ဝါဒ အန္တရာယ်အား ကြိုတင် တားဆီးကာကွယ်နိုင်ရန် အာဆီယံ ဒေသတွင်း တပ်မတော်များအကြား ပူးပေါင်းဆောင်မှုပိုင်း ဆိုင်ရာများကို တိုးချဲ့လုပ်ဆောင်ရန် လိုကြောင်းဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံ အပါအဝင် အာဆီယံ တစ်နိုင်ငံချင်းစီတွင် ကြုံတွေ့နေရသည့် ပြည်တွင်းလုံခြုံရေး ခြိမ်းခြောက်မှုများမှာ လျော့ကျသွားပြီး ဒေသတွင်း နိုင်ငံအားလုံး ပတ်သက်နေသည့် သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ ပိုမိုတိုးပွားလာခဲ့ကာ နိုင်ငံဖြတ်ကျော် ဖြစ်ရပ်များ ဖြစ်သောကြောင့် အာဆီယံနိုင်ငံများ အချင်းချင်း နီးကပ်စွာ ပူးပေါင်းဆက်ဆံရန် အလွန်အရေးကြီးလာကြောင်း ၎င်းက ဆိုသည်။
အဆိုပါ အာဆီယံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM) သို့ တက်ရောက်ရန်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအိုနိုင်ငံသို့ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ သုံးရက်ကြာ သွားရောက်ခဲ့သည်။
ယင်းအစည်းအဝေးကာလ အတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဆီယံ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့သည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment