Thursday, March 31, 2016

ဒုံးပျံဖွံ့ဖြိုးရေးအစီအစဉ်ကြောင့် အီရန်ကိုကိုင်တွယ်ရခက်နေသည့် ကုလသမဂ္ဂနှင့်အမေရိကန်

၂ဝ၁၅ ခုနှစ် ဇူလိုင်လက ချုပ်ဆိုခဲ့သော နျူကလီးယားသဘောတူစာချုပ်တွင် အီရန်ကဒုံးကျည်စမ်းသပ်မှုများအပြင် နျူကလီးယားလုပ်ငန်းစဉ်များအားလုံးကို လုံးဝရပ်တန့်ရမည်ဖြစ်သည်။

ထိုအချိန်က လိုက်နာခဲ့၍လည်း အီရန်သည် သူ၏အကြွယ်ဝဆုံး ရေနံတင်ပို့ခွင့်နှင့် စီးပွားရေးပိတ်ဆို့မှုများကိုဖယ်ရှားပေးခြင်းခံခဲ့ရသည်။
သို့သော် အီရန်သည် သဘောတူစာချုပ်ကို လေးလသာ အပြည့်အဝလိုက်နာခဲ့ပြီး တားမြစ်ထားသော ဒုံးကျည်စမ်းသပ်မှုများကို အောက်တိုဘာလတွင် ထပ်မံပြုလုပ်ခဲ့သည်။ တာတိုပစ်နှင့် တာလတ်ပစ် ဒုံးပျံ၁ဝ စင်းကျော်ကို စမ်းသပ်ပစ်လွှတ်ခဲ့သည်။ထို့ကြောင့် အမေရိကန်လွှတ်တော်အမတ်များက နောက်တစ်ကြိမ် အီရန်ကိုအရေးယူပိတ်ဆို့မှုများ ထပ်မံပြုလုပ်ရန် သမ္မတအိုဘားမားကိုတိုက်တွန်းခဲ့ကြသည်။ သို့သော်သမ္မတအိုဘားမားက အကြီးစားအရေးယူပိတ်ဆို့မှုများအစား ဒုံးပျံပစ်လွှတ်မှုတွင်ပါဝင်ပတ်သက်နေသည့် စီးပွားရေးလုပ်ငန်းစုများကိုသာ အရေးယူပိတ်ဆို့မှုများပြုလုပ်ခဲ့သည်။၂ဝ၁၅ ခုနှစ် အောက်တိုဘာလက ဒုံးပျံပစ်လွှတ်မှုကြောင့်၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် အီရန်၏စီးပွားရေးလုပ်ငန်း ၁၁ ခုမှာ အမေရိကန်၏ တားဆီးပိတ်ဆို့မှုကိုခံခဲ့ရသည်။ သို့သော် အီရန်သည် အမေရိကန်၏အရေးယူပိတ်ဆို့မှုကို အလေးမထားဘဲ မတ်လတွင် တာလတ်ပစ်ဒုံးပျံများကို တစ်ကြိမ်ထပ်မံပစ်လွှတ်ပြန်သည်။ထို့ကြောင့် အမေရိကန်က ဒုံးပျံပစ်လွှတ်မှုတွင်ပါဝင်ပတ်သက်နေသော အီရန်ကုမ္ပဏီနှစ်ခုကို နာမည်ပျက်စာရင်းသွင်းပြီး ကုန်သွယ်ခွင့်များအားလုံးကို ပိတ်ပင်ခဲ့သည်။အီရန်သမ္မတ ရိုဟာနီက အမေရိကန်အနေဖြင့် မိမိတို့စီးပွားရေးကို မည်သို့ပင်ပိတ်ပင်တားဆီးစေကာမူ ဒုံးပျံစမ်းသပ်မှုများကို ရပ်တန့်မည်မဟုတ်ဘဲ အဆုံးအထိလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မတ် ၂၈ ရက်က ပြတ်ပြတ်သားသားပြောကြားခဲ့သည်။အမေရိကန်က အီရန်တို့ တာဝေးပစ်ဒုံးပျံများရရှိသွားမည်ကို စိုးရိမ်နေသော်လည်းအီရန်က ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ အစ္စလာမ်မစ်အီရန်သမိုင်းတွင် အနောက်အုပ်စုနှင့် ကြီးကြီးမားမားအလျှော့ပေးခဲ့သည်ဟူ၍ နျူကလီးယားသဘောတူညီချက်တစ်ခုသာရှိသည်။ ထို့ကြောင့် ယခုတစ်ကြိမ်ဒုံးပျံစမ်းသပ်မှုကို အီရန်တို့ အလျှော့ပေးလိမ့်မည် မဟုတ်သည်မှာသေချာသည်။
အီရန်က သူ့နိုင်ငံကာကွယ်ရေးအတွက်တာဝေးပစ်ဒုံးပျံများကို မရှိမဖြစ်လိုအပ်နေသည်ဟုထင်သည်။ အရှေ့အလယ်ပိုင်းတွင်လူမျိုး ကွဲရန်သူတော် ဆော်ဒီအာရေဗျ ရှိနေသည်။ ဆော်ဒီအာရေဗျ၏ စစ်အသုံးစရိတ်သည် ကမ္ဘာ့အဆင့်(၃)ဖြစ်သည်။နှစ်စဉ် စစ်အသုံးစရိတ်ကို ၁၇ ရာခိုင်နှုန်း တိုးမြှင့်နေပြီး အမေရိကန်ဒေါ်လာ ဘီလီယံ၈ဝ ကျော်ဖြင့် တရုတ်၏နောက်တွင် ရုရှားနှင့်ဗြိတိန်ကိုကျော်ပြီး အဆင့်(၃)နေရာ၌ရပ်တည်နေသည်။ ၂ဝ၁၄ ခုနှစ်နှင့် ၂ဝ၁၅ခုနှစ်တို့တွင်လည်း ကမ္ဘာ့စစ်လက်နက်တင်သွင်းမှုစာရင်းတွင် နံပါတ်(၁)နေရာ၌ရပ်တည်ခဲ့သည်။ဆော်ဒီသည် အာရပ်ညွန့်ပေါင်းတပ်ဖွဲ့များတွင် ဦးဆောင်နေပြီး အရှေ့အလယ်ပိုင်း စစ်ပွဲများတွင်လည်း ကျူးကျော်သူတစ်ဦးဖြစ်လာခဲ့သည်။ ယီမင်သည် ယခုလက်ရှိတွင်ဗုံးကြဲနေပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်နေသူလည်းဖြစ် သည်။ ဆော်ဒီ၏ဗုံးကြဲမှုကြောင့် အပြစ်မဲ့ပြည် သူ ထောင်နှင့် ချီ၍ သေဆုံးနေသည်။ မကြာသေးမီက ကုလသမဂ္ဂအစီရင်ခံစာတွင် ယီမင်ပြည်သူ ၈ဝ ရာခိုင်နှုန်းသည်ဆော်ဒီ၏ဗုံးကြဲမှုကြောင့် အငတ်ဘေးဆိုက်နေရသည်ဟု ကုလသမဂ္ဂက ဆော်ဒီကိုပြင်းပြင်းထန်သတိပေးခဲ့သည်။ ယီမင်စစ်ကိုဆော်ဒီဦးဆောင်ရန် ပံ့ပိုးပေးခဲ့သူမှာ အမေရိကန်ဖြစ်သည်။
ဆီးရီးယားပြည်တွင်းစစ်တွင်လည်း ဆော်ဒီဝင်ပါလိုက်သေးသည်။ ဂျက်တိုက်လေယာဉ်များကို တူရကီတွင်ချထားကာ ဆီးရီးယားကို ဗုံးကြဲစေခဲ့ပြီး မြေပြင်တပ်ဖွဲ့များကိုပါ စေလွှတ်ရန် စီစဉ်ခဲ့သေးသည်။ ထို့ကြောင့် အရှေ့အလယ်ပိုင်းလွှမ်းမိုးမှုများကိုဦးဆောင်ထားသော ဆော်ဒီကို ရှီးယိုက်ဘာသာဝင်အီရန်တို့ သတိထားနေရခြင်းဖြစ် သည်။ ဆော်ဒီ၏ အားနည်းချက်မှာ ခေတ်မီစစ်လက်နက်ပစ္စည်းများကိုကိုယ်ပိုင်နည်းပညာဖြင့် မထုတ်လုပ်နိုင်ခြင်းဖြစ်သည်။ ထိုအချိန်တွင် အီရန်က ကိုယ်ပိုင်နည်းပညာဖြင့် ဂျက်တိုက်လေ ယာဉ်များနှင့် မောင်းသူမဲ့လေယာဉ်များကို ထုတ်လုပ်နိုင်ပြီဖြစ်သည်။အီရန်၏ သမိုင်းဝင်ရန်သူတော် နောက်တစ်ဦးဖြစ်သည့် အစ္စရေးကလည်းရှိနေသေးသည်။ ၁၉၈၁ ခုနှစ်က အီရန်ပိုင်နက်ထဲ ဝင်ပြီးအစ္စရေးတို့က နျူကလီးယားဓာတ်ပေါင်းဖိုအား ဗုံးကြဲသွားခဲ့သည့်အတိတ်ကို မမေ့နိုင်သေးသော သာဓကများလည်း ရှိနေသည်။ ထို့ကြောင့် အီရန်က သူသာနျူကလီးယားပိုင်ဆိုင်ပါက အစ္စရေးကို ကမ္ဘာ့မြေပုံပေါ်မှ ဖျောက်ဖျက်ပစ်မည်ဟု ကြုံးဝါးခဲ့သေးသည်။ ၂ဝ၁၅ ခုနှစ် ဇူလိုင်လ နျူကလီးယား သဘောတူညီချက်မရမီက အစ္စရေးသည် အီရန်နျူကလီးယား လက်နက်ရသွားမည်ကိုစိုးရိမ်ပြီး ယူရေနီယံသန့်စင်စက်များနှင့် နျူကလီးယားလက်နက် တည်ဆောက်နေ သည့် စက်ရုံကိုဗုံးကြဲရန်အထိ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု စီမံကိန်းဆွဲခဲ့သေးသည်။
ထို့ကြောင့် အင်အားအကောင်းဆုံးသမိုင်းဝင်ရန်သူတော်ကြီးနှစ်ဦး အဆင်သင့်ရှိနေသည့် အီရန်သည် သူ့နိုင်ငံကိုကာကွယ်ရန် တာဝေးပစ်ဒုံးပျံကို ပိုင်ဆိုင်သင့်သည်ဟုတွေး ထင်နေခြင်းဖြစ်သည်။ တစ်ဖက်တွင်အီရန်၏မိတ်ဆွေ ရုရှားကလည်း အမေရိကန်လက်အောက်သို့ အီရန်ရောက်သွားမည်ကိုစိုးရိမ်နေသည်။ ဆီးရီးယားတွင် အောင်ပွဲခံနေသည့်ရုရှားသည် အရှေ့အလယ်ပိုင်းသြဇာလွှမ်းမိုးရေးအတွက် စီမံကိန်းဆွဲနေသည်။ အကယ်၍ အမေရိကန်သာ အီရန်ကိုထိန်းချုပ်နိုင်ခဲ့ပါက သမ္မတပူတင်၏ အရှေ့အလယ်ပိုင်းလွှမ်းမိုးရေးဗျူဟာများသည် ပျက်သုဉ်းသွားရမည်ဖြစ်သည်။ထို့ကြောင့် ရုရှားက အီရန်၏ဒုံးပျံစမ်းသပ်ရေးအစီအစဉ်များကို အားပေးနေခြင်းဖြစ်သည်။ သို့မှသာ အမေရိကန်နှင့်အဆင်မပြေဖြစ်မည်။ သူ၏ဆီးရီးယား ကို ခြေကုပ်ယူပြီး အရှေ့အလယ်ပိုင်းလွှမ်းမိုးရေးဗျူဟာအကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ ယခုရုရှား၏လမ်းကြောင်းအတိုင်း အီရန်ကလိုက်နေသည်။ အမေရိကန်ကို ဆန့်ကျင်ပြီး ဒုံးပျံများကို အောင်မြင်သည်အထိ စမ်းသပ်မည်ဟုဆိုသည်။ထို့ကြောင့် အီရန်ကို ရုရှားက အကြိုက်တွေ့နေပုံရသည်။ တစ်ဖန် ဆီးရီးယားပြန်လည်ထူထောင်ရေးအတွက်လည်း ရုရှား
နှင့် အီရန်တို့ သဘောတူထားကြပြန်သည်။ထို့ကြောင့် ကုလသမဂ္ဂနှင့် အမေရိကန်တို့ အီရန်ကို ထိန်းချုပ်ရခက်နေသည်။ အစကအလုံးစုံလိုက်နာခဲ့သော်လည်း အီရန်သည်ယခုအနည်းငယ်ဖောက်ပြန်လာသည်။ ဒုံးပျံစမ်းသပ်ရေးကိုလည်း လက်လွှတ်မည့်ပုံမပေါ်ပေ။ အမေရိကန်ကလည်း အလျှော့ပေးလျှင် အီရန်တို့ ထိုထက်ပိုဆိုးသွားမည်ကိုစိုး ရိမ်နေသည်။ အီရန်ဘက်ကတွေးကြည့်လျှင်လည်း မှန်သင့်သလောက်မှန်နေပြန်သည်။တင်းလွန်းလျှင်လည်း ပြတ်သွားမည်ကို စိုးရိမ်နေရပြန်သည်။ ထို့ကြောင့် ကုလသမဂ္ဂနှင့် အနောက်အုပ်စုတို့ မူလကတွေးထင်ထားသကဲ့သို့ အီရန်အရေးသည် ၂ဝ၁၅ ခုနှစ် ဇူလိုင်လက မူဘောင်များအတိုင်းလွယ်ကူစွာမလိုက်နာတော့ဘဲ ယခုအခြေအနေသည် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချရန် ခက်ခဲနေပါကြောင်း တင်ပြလိုက်ရပါသည်။
Credit To >>> မြ၀တီ

0 comments:

Post a Comment