Tuesday, February 9, 2016

ရန်ကုန်မြို့ရှိ မီးပွိုင့် ၁၅၄ ခုကို ထိန်းချုပ်ကာ ယာဉ်ကြောရှင်းလင်းရေး လုပ်ဆောင်ရန်အတွက် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီးဖြစ်၍ အမြန်ဆုံး စတင်လုပ်ဆောင်မည်

ရန်ကုန်မြို့ရှိ မီးပွိုင့် ၁၅၄ ခုကို ထိန်းချုပ်မှု စင်တာဖြင့် ထိန်းချုပ်ကာ အလိုအလျောက် မီးပွိုင့်လွှတ်သည့် စနစ်ဖြင့် ယာဉ်ကြောရှင်းလင်းရေး လုပ်ဆောင်ရန်အတွက် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီးဖြစ်၍ အမြန်ဆုံး စတင်လုပ်ဆောင်မည်ဟု အဆိုပါ လုပ်ငန်း စီမံချက်မှ တာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယင်းလုပ်ငန်းအတွက် လုပ်ကိုင်ခွင့်ရ တရုတ်ကုမ္ပဏီနှင့် ဖေဖော်ဝါရီ ၂ ရက်တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းစီမံကိန်းအတွက် နိုင်ငံတော်၏ အထူးရန်ပုံငွေကျပ် ဘီလျံ ၂၀ ဖြင့် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

"အဓိက ရန်ကုန်မြို့မှာဖြစ်ပေါ် နေတဲ့ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေ ရှင်းဖို့ပါ။ မီးပွိုင့် ၁၅၄ ပွိုင့်ကို ထိန်း ချုပ်ပြီးတော့ အလိုအလျောက်မီးပွိုင့် လွှတ်တဲ့ စနစ်ကိုကျင့်သုံးမှာပါ။ အဲဒီ အတွက်လည်း ကုမ္ပဏီနဲ့ စာချုပ်ချုပ် ပြီးပြီ။ အမြန်ဆုံး စတင်လုပ်ဆောင် တော့မှာဖြစ်ပါတယ်" ဟု ယင်းလုပ်ငန်း စီမံချက်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ လုပ်ငန်းအတွက် လုပ်ကိုင်လိုသည့် ပြည်ပကုမ္ပဏီများ၊ ပြည်တွင်းနှင့် ပြည်ပဖက်စပ် ကုမ္ပဏီများကို တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီ ၅၀ ကျော် အနက်မှ ဆန်ခါတင် ကုမ္ပဏီ ငါးခုရွေးချယ်ခဲ့ပြီး ယင်းအနက်မှ နောက်ဆုံး တရုတ်ကုမ္ပဏီ တစ်ခုကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့၏ ဆိုးရွားလာသည့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းရန်အတွက် လက်ရှိမီးပွိုင့် တစ်ခုတည်းကိုသာ အခြေခံ၍ မီးပွိုင့်လွှတ်သည့် စနစ်မှ မီးပွိုင့်များအား စုစည်း ချိတ်ဆက်၍ ထိန်းချုပ်မှု စင်တာဖြင့် ထိန်းချုပ်ကာ အလိုအလျောက် မီးပွိုင့်လွှတ်ပေးသည့် စနစ်ကို ပြောင်းလဲ လုပ်ဆောင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပြောင်းလဲ လုပ်ဆောင်ခြင်းအားဖြင့် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ယခင်ကထက် လျော့နည်းလာမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဆိုသည်။

ရန်ကုန်မြို့တွင် မီးပွိုင့်စုစုပေါင်း ၁၇၅ ပွိုင့်ရှိသည့်အနက် အချို့မီးပွိုင့်များမှာ ချို့ယွင်းခြင်း၊ ယာဉ်ထိန်းရဲ မရှိခြင်းနှင့် မီးပွိုင့်ပျက်နေခြင်းများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

သို့ဖြစ်၍ ယင်းသို့ အလိုအလျောက် မီးပွိုင့်လွှတ်သည့် စနစ်ကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အကူအညီဖြင့် မရမ်းကုန်းမြို့နယ် ချော်တွင်းကုန်း မီးပွိုင့်ကို ဗဟိုပြု ၍ မီးပွိုင့် ၁၀ ခုကို ချိတ်ဆက်ကာလက်ရှိ အသုံးပြုနေပြီး အခြားအရေးကြီးသည့် မီးပွိုင့် ၁၅၄ ပွိုင့်တွင် ပြောင်းလဲတပ်ဆင် အသုံးပြုရန် ယခုကဲ့သို့ စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးပွိုင့်များကို ထိန်းချုပ်ရန်အတွက် ထိန်းချုပ်ရေးစင်တာ တည်ဆောက်မည်ဖြစ်ပြီး အဆိုပါ စင်တာမှ မီးပွိုင့်အားလုံးကို စောင့်ကြည့် ထိန်းချုပ်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် သြဂုတ်လကုန်အထိ တရားဝင် စာရင်းများအရ ရန်ကုန်မြို့တွင် ယာဉ်စီးရေ ငါးသိန်းကျော်ရှိ ပြီး CITY TAXI အဖြစ် မှတ်ပုံတင်ထားသည့် အငှားယာဉ် တက္ကစီမှာ ခြောက်သောင်းကျော် ရှိကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment