Thursday, February 11, 2016

၅၉(စ) အတွက် အဆုံးအဖြတ် ၃၉ ရက်

သမ္မတရွေးချယ်တင်မြှောက်ရေးလုပ်ငန်းစဉ်ဖြစ်သည့် ဒုတိယသမ္မတလောင်းများ အဆိုပြုရမည့် လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့အစည်းအဝေးကို ၂၀၁၆ မတ်လ ၁၇ရက် (ကြာသပတေးနေ့) တွင် စတင်ကျင်းပပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်
အစည်းအဝေးပထမနေ့တွင် ကြေညာခဲ့သည်။

‘‘တဆက်တည်းမှာပဲ နိုင်ငံတော်သမ္မတစိစစ်ရေးအဖွဲ့မှ လွှတ်တော်နှစ်ရပ်ရဲ့ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများနှင့်အတူ
ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်သားကိုယ်စားလှယ်တစ်ဦးတို့ကိုလည်း တစ်ပါထဲရွေးချယ်ပြီး အမည်စာရင်းပေးပို့ကြဖို့ ဖြစ်ပါတယ်။ အမည်စာရင်းများရရှိပြီးတဲ့အခါမှာ နိုင်ငံတော်သမ္မတအရည်အချင်းနဲ့ ပြည့်စုံမှုရှိမရှိကို စိစစ်ခြင်းနိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ၊နည်းဥပဒေများ၊ နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေနည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါတယ်’’ နာယကက ပြောကြားသည်။

ယင်းမှာရွေးကောက်ပွဲမတိုင်မီကတည်းက ပြည်သူလူထုသိချင်နေသော အဖြေတစ်ခုကို ထုတ်ပြရတော့မည့်ရက်ကို သတ်မှတ်ပေးလိုက်ခြင်းလည်းဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်က ကြေညာလိုက်သည့် ဖေဖော်ဝါရီ ၈ ရက် နှင့် မတ် ၁၇ ရက်ကြားတွင် ရက်ပေါင်း ၃၉ ရက်ဟူသော အချိန်ကိုလွန်မြောက်လျှင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်၊ မဖြစ်သိရှိခွင့်ရတော့မည်ဖြစ်သည်။

ပထမသက်​တမ်းက အဆိုပါအစည်းအ​ဝေးများကို ​ဖေ​ဖော်​ဝါရီ ၁ ရက်​တွင် ​စတင်​ပြီး​ဖေ​ဖော်ဝါရီ ၄ ရက်တွင်​ သမ္မတနှင့်​ ဒုသမ္မတများ​ရွေးချယ်​ပြီးဖြစ်​သည်။

ပုဒ်မ ၅၉(စ) ကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်သဖြင့် NLD ၏ ဒုတိယလူကို မြန်မာကသာမကကမ္ဘာကပါ စိတ်ဝင်စားခဲ့ကြသည်။ သို့သော် ပါတီက ဒုတိယလူကို ထုတ်မပြခဲ့ကြပေ။ ရွေးကောက်ပွဲမတိုင်မီ ကျင်းပသည့်
သတင်းစာရှင်းလင်းပွဲတွင် သမ္မတအထက်ကရှိနေမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သော်လည်း ရွေးကောက်ပွဲ
အနိုင်ရပြီးချိန်အထိ သမ္မတမည်သူဆိုသည်မှာ ရုပ်လုံးပေါ်မလာဘဲ မှန်းဆချက်များဖြင့်သာ အချိန်ကုန်ခဲ့ကြသည်။ ၎င်း၏မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း၊ ကဗျာဆရာကြီးမင်းသုဝဏ်၏သားဖြစ်သူ ဦးထင်ကျော်နှင့် နာယကကြီးဦးတင်ဦးတို့ သမ္မတဖြစ်လာမည်ဟု ထင်ကြေးပေးမှုများရှိကြသော်လည်း ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှု အထမြောက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး
မျှော်လင့်ချက်မှာ ပြန်လည်ဦးမော့လာခဲ့သည်။

ရွေးကောက်ပွဲပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ နှစ်ကြိမ်တိုင်တွေ့ဆုံခဲ့ကြသည်။
နှစ်ဘက်ထုတ်ပြန်ချက်များနှင့် ခေါင်းဆောင်များ၏ ပြုံးပျော်နေသော ဓာတ်ပုံများအရ ဆွေးနွေးညှိနှိုင်းမှုများ အောင်မြင်ပုံ
ပေါ်သည်ဟု ကောက်ချက်ချခဲ့ကြသည်။ သို့ဖြစ်ရာ သမ္မတရွေးချယ်တင်မြှောက်ပေးရမည့် လွှတ်တော် ထို့ထက်ပို၍.....

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်လာရေး ပိတ်ပင်ထားသော ၅၉(စ) ကို ကျော်ဖြတ်ပေးရမည့် လွှတ်တော်အခင်းအကျင်းကိုပြည်သူများ၊ မီဒီယာများနှင့် နိုင်ငံရေး အကဲခတ်များက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြသည်။ ယခုတော့ လွှတ်တော်သည် ရက်ချိန်းပေးလိုက်ပြီဖြစ်သည်။ ရက်ပေါင်း ၃၉ ရက်အချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမလားဆိုသည်မှာ တပ်မတော်၏သဘောထားက အခရာကျနေပြီး ဒေါ်အောင်ဆန်းစုကြည်၏ တပ်မတော်အပေါ် စည်းရုံးနိုင်မှုနှင့်လွှတ်တော်က မည်သို့မည်ပုံ သားရွှေ အိုးထမ်းလာကိန်းဖော်ဆောင်နိုင်မလဲဆိုသည့်အပေါ် မူတည်နေသည်။

လက်ရှိအချိန်အထိ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် တပ်မတော်က သဘောတူသည့်အထောက်အထား မတွေ့ရသေးကြောင်း နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းကပြောသည်။ သို့ဖြစ်ရာ အဆိုပါ ၃၉ ရက်မှာ
ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကြား ညှိနှိုင်းအဖြေရှာရန် အချိန်ယူခြင်းဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ NLDကိုယ်စားလှယ်အဖွဲ့နဲ့ တပ်မတော်ကိုယ်စားလှယ်
အဖွဲ့ကြားမှာ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ကို ဦးတည်တယ်လို့ မြင်တယ်။ အဲဒီတွေ့ဆုံဆွေးနွေးမှုကို အကြောင်းပြုပြီးတော့ ၅၉(စ) ပြင်ဆင်တာ၊ ၅၉(စ) ဆိုင်းငံ့တာကို တပ်မတော်ဘက်က သဘောတူတယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်
အနေနဲ့ ပြည်သူ့လွှတ်တော်ကတင်တဲ့ သမ္မတလောင်းဖြစ်လာနိုင်တယ်လို့ မြင်တယ်’’ ဟု နိုင်ငံရေးဆောင်းပါးရှင်
ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည်။

သို့သော် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကမူ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေနှင့်တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးလမ်းပွင့်သွားပြီဖြစ်ကြောင်း ပြောသည်။ ယခုကဲ့သို့ အချိန်ယူခြင်းမှာ သဘောတူညီချက်ကို အ ကောင်အထည်ဖော်ရန်ဟု မြင်ကြောင်း ၎င်းကဆိုသည်။

‘‘ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် သဘောတူထောက်ခံချက်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါပုဒ်မတစ်ခုခုကို အချိန်ကာလအကန့်အသတ်ဖြင့် ဆိုင်းငံ့နိုင်တဲ့ ဥပဒေမျိုးပြဋ္ဌာန်းမယ်။ သမ္မတကလွှတ်တော်ကို ပြန်ပို့တာနဲ့ဘာနဲ့ဆို အချိန် ၂၁ ရက်လောက်ကြာမယ်။ အခုခွာချိန်းထားတဲ့ရက်နဲ့ဆို အဲဒီလိုဖြစ်လိမ့်မယ်လို့ မှန်းတာပေါ့။ သမ္မတကလက်မှတ်ထိုးထိုးမထိုးထိုး ဥပဒေဖြစ်သွားပြီးဆိုမှ တပ်မတော်ရဲ့ထောက်ခံမှုနဲ့ လွှတ်တော်ထဲမှာ ၅၉(စ) ကို ရပ်ဆိုင်းလိုက်တာမျိုးပေါ့။ အဲဒီလိုလုပ်ဖို့ ညှိနှိုင်းထားလို့ ရက်ကိုခွာထားတာလို့ထင်တယ်’’ ဟု ဦးရဲထွန်းက သုံးသပ်သည်။

ယင်းမှာ တပ်မတော်က ၎င်းသဘောမတူသည့် ပုဒ်များကို မဆိုင်းငံ့ရန် တားဆီးထားနိုင်မည့် အခွင့်အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်မည့် အဓိပ္ပာယ်လည်း ဖြစ်သည်။ ၅၉(စ) ပြင်ဆင်လိုက်လျှင် အခြားသူများအတွက်ပါ လမ်းပွင့်သွားမည့်အခြေအနေကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကပြောသည်။

တရားလွှတ်တော်ရှေ့နေဦးကိုနီကမူ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပေးထားချက်ဖြင့်ပင် ၅၉(စ) ကို ဆိုင်းငံ့နိုင်သည်ဟုပြောသည်။ ပုဒ်မ ၈၆(က) အရ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခြားနည်းပြဋ္ဌာန်းထားခြင်းမရှိလျှင် အစည်းအဝေးသို့ တက်ရောက်ဆန္ဒမဲပေးသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ များရာမဲဖြင့်ဆုံးဖြတ်ရမည်ဆိုသည့်အချက်ကို
ထောက်ပြသည်။

‘‘ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ယာယီဆိုင်းငံ့မယ်ဆိုရင် ဥပမာ ၅၉(စ) ဆိုတဲ့ စာကြောင်းလေး
တစ်ကြောင်းကို ရပ်ဆိုင်းဖို့ကိစ္စဟာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဘယ်လိုလုပ်ရမယ်ဆိုတာ ပြဋ္ဌာန်းထားခြင်းမရှိတဲ့အတွက်
ကိုယ်စားလှယ် ၅၁ ရာခိုင်နှုန်းနဲ့ ဆုံးဖြတ်လို့ရတယ်။ ပြင်မယ်ဆိုရင်တော့ အနည်းဆုံး ၇၆ ရာခိုင်နှုန်းပဲ’’ ဟု ဦးကိုနီကပြောသည်။

၁၉၅၉ တွင် ဦးနေဝင်းအာဏာသက်တမ်းတိုးရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရပ်ဆိုင်းခဲ့သည့် သာဓကကို ၎င်းကထောက်ပြသည်။ ရွေးကောက်ပွဲကျင်းပပေးရန် ဦးနေဝင်း၏ ရာထူးသက်တမ်းတိုးရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပေးရမည်ကို မပြင်လိုသဖြင့် ရွေးကောက်ပွဲပြီးသည်အထိ ပုဒ်မ ၁၂၆ ကို ရပ်ဆိုင်းခဲ့သည့် သာဓကဖြစ်သည်။

‘‘ဆိုင်းငံ့မယ်ဆိုရင် လတ်တလောဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို ကျော်လွှားနိုင်တာပဲ။ တပ်မတော်ဆိုတာလည်း
ပြည်သူ့တပ်မတော်ပဲ။ ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အဖြစ်လိုလားတယ်ဆိုရင် တပ်မတော်က
ထောက်ခံပေးလိုက်ခြင်းဖြင့် တပ်မတော်နှင့် ပြည်သူတစ်သားတည်းဖြစ်သွားမှာပဲ’’ ဟု ဦးကိုနီက အကြံပြုသည်။

သို့သော် ၅၉(စ) ကို ဆိုင်းငံ့ဖို့ဟူသော အယူအဆမှာ အလုပ်ဖြစ်နိုင်ခြေနည်းပါးကြောင်း ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။

‘‘တကယ်လို့ ဆိုင်းငံ့မယ်ဆိုရင် တပ်မတော်နဲ့ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးသဘောတူညီချက်တစ်ခုရအောင် ဦးစွာလုပ်သင့်တယ်လို့မြင်တယ်။ အဲဒီသဘောတူညီချက်အပေါ်မှာ မူတည်ပြီးတော့မှ ၅၉(စ) ပြင်ဆင်တာပဲဖြစ်ဖြစ်၊ ဆိုင်းငံ့တာပဲဖြစ်ဖြစ်၊ စဉ်းစားတာက ပိုပြီးလက်တွေ့ကျတယ်လို့မြင်တယ်။ တကယ်သာ ၅၉(စ) ကို ကိုယ်စားလှယ်ထက်ဝက်ကျော်နဲ့ ဆိုင်းငံ့နိုင်တယ်ဆိုရင် ၄၃၆ ကိုလည်း ဆိုင်းငံ့နိုင်တဲ့ အနေအထားမျိုး ဖြစ်သွားမယ်။
နောက်ဆုံးတပ်မတော်နဲ့ဆိုင်တဲ့ ပုဒ်မအားလုံးကိုလည်း ဆိုင်းငံ့နိုင်တဲ့ အနေအထားမျိုးဖြစ်သွားမယ်။ ဒါကြောင့် ဒီလိုခြေလှမ်းမျိုးကို တပ်မတော်က သတိကြီးကြီးထားပြီး တုံ့ပြန်လာနိုင်တယ်လို့မြင်တယ်’’ ဟု ၎င်းက ထောက်ပြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ တပ်မတော်က သဘောတူညီခဲ့လျှင်ပင် လူထုဆန္ဒခံယူပွဲလုပ်ရမည့် အနေအထားကြောင့် ယခုအချိန်နှင့် မလုံလောက်ကြောင်း ဥပဒေကျွမ်းကျင်သူများက သုံးသပ်သည်။ ဆိုင်းငံ့ရေးနည်းလမ်းကိုသာ မြန်မာ့နိုင်ငံရေးအကဲခတ်များနှင့် ဥပဒေပညာရှင်များက အကြံပြုသည်။ ၅၁ ရာခိုင်နှုန်းဖြင့် ဆိုင်းငံ့မည်လား၊ ၇၅ ရာခိုင်နှုန်းအထက်ဆိုင်းငံ့မည်လားဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်၏ တွေ့ဆုံညှိနှိုင်းသဘောတူညီမှုက အဆုံးအဖြတ်ပေးမည်ဖြစ်သည်။

ဒီချုပ်သည် ပြည်သူ့လွှတ်တော်အတွက်ရော အမျိုးသားလွှတ်တော်အစုအဖွဲ့အတွက်ပါ သမ္မတလောင်းနှစ်ဦး တင်ခွင့်ရထားသည်။ ပြည်ထောင်စုလွှတ်တော်တွင် သမ္မတရွေးချယ်နိုင်သည့် ထိုင်ခုံအရေအတွက်ကိုလည်း ပိုင်ဆိုင်ထားပြီးဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ခွင့်အတွက် ၅၉(စ) က ပိတ်ပင်ထားဆဲဖြစ်သည်။ သို့သော် အချိန် ၃၉ ရက်ရှိနေပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် မြင်လိုသည့် ပြည်သူလူထု၏ ဆန္ဒများပြည့်ဝနိုင်ခြင်း ရှိ၊ မရှိသိရရန် အချိန် ၃၉ ရက်သာ လိုပါတော့သည်။


Credit To >>> 7Day News Journal

0 comments:

Post a Comment