Wednesday, January 6, 2016

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ရွှေလီ(၃)ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နေလျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၁ဝ၅ဝ ထုတ်လုပ်နိုင်မည်


ရှမ်းရိုးမကြီး၏ အလယ်တွင် ရစ်ခွေစီးဆင်းနေပြီး ရွှေလီမြစ်ပေါ် တွင်တည်ရှိသည့် ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့၏ မြောက်ဘက် ၁၂မိုင်ခန့်အကွာတွင် တည်ဆောက် လျက်ရှိသော ရွှေလီ (၃) ရေအား လျှပ်စစ်စီမံကိန်းကို လျှပ်စစ် စွမ်းအားဝန်ကြီးဌာန တည်ဆောက် ရေး(၂)က အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည်။

ရွှေလီမြစ်သည် ရေအားအရင်းအမြစ်ပေါကြွယ်ဝသည့်အလျောက် ရေအားလျှပ်စစ် စီမံကိန်းများကို အကောင်အထည်ဖော်တည်ဆောက် လျက်ရှိရာ ရွှေလီ(၁) ရေအား လျှပ်စစ်စီမံကိန်း (၆ဝဝ မဂ္ဂါဝပ်)ကို ၂ဝဝ၉ ခုနှစ် မေလတွင် တည်ဆောက် ပြီးစီးခဲ့၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးလျက်ရှိသည်။ ဆက်လက်၍ ရွှေလီ(၂) ရေအားလျှပ်စစ် စီမံကိန်း (၅၂ဝမဂ္ဂါဝပ်)နှင့် ရွှေလီ(၃)ရေအား လျှပ်စစ်စီမံကိန်း (၁ဝ၅ဝ မဂ္ဂါဝပ်)တို့ကို နိုင်ငံတော်လျှပ်စစ်ဓာတ်အား
လိုအပ်ချက်အတွက် ဖြည့်ဆည်းပေးနိုင်ရန် စီမံဆောင်ရွက်နေခြင်းဖြစ်သည်။နိုင်ငံတော်လျှပ်စစ်ဓာတ်အားလိုအပ်ချက်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဖြည့်ဆည်းပေးနိုင်မည့် တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ ရေအားလျှပ်စစ် စီမံကိန်းများအနက် တပ်ဆင်စက်အင်အားအကြီးမားဆုံးဖြစ်သည့် ရွှေလီ(၃)ရေအားလျှပ်စစ်စီမံကိန်း၏ ဒီဇိုင်းပုံစံရေးဆွဲခြင်းကို ဆွစ်ဇာလန်နိုင်ငံ AF-Colenco အတိုင်ပင်ခံအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းအကောင် အထည်ဖော်တည်ဆောက်ခြင်းကို ပြင်သစ်နိုင်ငံ Electricite De France SA (EDF)နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။
အဆိုပါ စီမံကိန်းကို ၂ဝ၁ဝ ခုနှစ်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်၍ ၂ဝ၂ဝ ခုနှစ်အတွင်းပြီးစီးရန် အင်တိုက်အားတိုက် ဆောင်ရွက် လျက်ရှိသည်။ ၄င်းတွင် အလျားပေ ၃၃၃ဝ၊အမြင့် ၃၉၄ ပေရှိ RCC ကွန်ကရစ် တမံ(Roller Compacted Concrete Dam)တည်ဆောက်မည်ဖြစ်ရာ လျှစ်စစ် စွမ်းအားဝန်ကြီးဌာနက တည်ဆောက်သည့် တတိယမြောက် RCC ကွန်ကရစ် တမံအဖြစ် ပေါ်ထွက်လာမည်ဖြစ်သည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပထမဆုံးသော RCC ကွန်ကရစ် တမံဖြစ်သည့် ရဲရွာရေလှောင်တမံကို ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလတွင်လည်းကောင်း၊ ဒုတိယမြောက် RCC ကွန်ကရစ်တမံဖြစ်သည့် အထက်ပေါင်းလောင်း ရေလှောင်တမံကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလတွင်လည်းကောင်း အသီးသီး အကောင်အထည်ဖော်တည်ဆောက်ပြီးဖြစ်ကြောင်းလည်း နှိုင်းယှဉ်သိရှိရသည်။
ယခုအခါ ရေလွှဲရေထုတ်ပြွန် ကွန်ကရစ်သွန်းလောင်းနေမှုနှင့် ဘိလပ် မြေဖိသွင်းခြင်းလုပ်ငန်းများ၊ ပင်မတမံယာဘက်ကမ်းနှင့် ဓာတ်အားပေးစက်ရုံ မြေကြီး ကျောက်သားတူးဖော်ခြင်းလုပ်ငန်းများ တည်ဆောက်ရေးလုပ်ငန်းခွင်တွင် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် (၃၃)ကေဗွီဓာတ်အားလိုင်းသွယ်တန်းထား မှုနှင့် (၃၃/၁၁)ကေဗွီ(၁ဝ)အမ်ဗွီအေဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်း များကို တိုင်းရင်းသားကုမ္ပဏီများက ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ရွှေလီ(၃)ရေအားလျှပ်စစ်စီမံကိန်းသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ဒုတိယဝန်ကြီး ဦးမော်သာထွေး၊ တာဝန်ရှိသူများနှင့်အတူ(အပေါ်ပုံ) ဒီဇင်ဘာ ၂ ရက်တွင် သွားရောက်ပြီး တည်ဆောက်ရေးလုပ်ငန်းများအနက် ဆောင်ရွက်ဆဲဖြစ်သည့် ရေလွှဲရေထုတ် ပြွန်လုပ်ငန်း၊ ပင်မတမံမြေကြီး ကျောက်သားတူးဖော်ခြင်းလုပ်ငန်း၊ ဓာတ်အား လိုင်းနှင့် ဓာတ်အားခွဲရုံလုပ်ငန်း၊ တမံနှင့် ဆက်စပ်ရေအားအဆောက်အအုံများ တွင် အသုံးပြုမည့် ခွဲကျောက်ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေတို့ကို လည်းကောင်း၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများဖြစ်သော ကုန်းကြောတမံလုပ်ငန်း၊ ရေပိုလွှဲလုပ်ငန်း၊ ရေယူအဆောက်အအုံလုပ်ငန်း၊ ဖိအားမြှင့် သံမဏိပိုက်လိုင်းလုပ်ငန်း၊ ဓာတ်အားပေးစက်ရုံလုပ်ငန်းနှင့် စက်ရုံ ရေထုတ်မြောင်းလုပ်ငန်းအခြေအနေများကိုလည်းကောင်း၊ တည်ဆောက်ရေး လုပ်ငန်းခွင်တွင် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် (၃၃)ကေဗွီဓာတ်အားလိုင်း မိုင် ၂ဝ သွယ်တန်းခြင်းနှင့် (၆၆/၃၃)ကေဗွီ၊ (၂ဝ)အမ်ဗွီအေဓာတ်အားခွဲရုံနှင့် (၃၃/၁၁)ကေဗွီ၊ (၁ဝ)အမ်ဗွီအေ ဓာတ်အားခွဲရုံများ တည်ဆောက်ပြီးစီးမှုအခြေ အနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို
ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ယခုအခါ အလျားပေ ၆၂ဝ၊ အကျယ် ၃၃ ပေ၊ တန် ၈ဝ ခံနိုင်ဝန်ရှိသည့် ရွှေလီမြစ်ကူးသံကူကွန်ကရစ်တံတားတည်ဆောက်ပြီးစီး၍ ဒေသခံပြည်သူများ မိုးမိတ်မြို့နှင့် မဘိမ်းမြို့တို့သို့ မြစ်ကူးတံတားကြီးပေါ်မှ အချိန်မရွေး ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ခြင်းကြောင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။
ရွှေလီမြစ်ပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းသုံးခုအနက် ရွှေလီ(၁)မှာ ရေအားလျှပ်စစ်မဂ္ဂါဝပ် ၆ဝဝ ထွက်ရှိပြီး ရွှေလီ(၂)မှာ မဂ္ဂါဝပ် ၅၂ဝ နှင့် ယခု တည်ဆောက်လျက်ရှိသည့် ရွှေလီ(၃)ရေအားလျှပ်စစ်စီမံကိန်းဓာတ်အားပေး စက်ရုံတွင် ၂၆၂ ဒသမ ၅ မဂ္ဂါဝပ်ရှိ စက်လေးလုံးဖြင့် တပ်ဆင်စက်အင်အား မဂ္ဂါဝပ် ၁ဝ၅ဝ တပ်ဆင်၍ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အားကီလိုဝပ်နာရီ သန်းပေါင်း ၃၄ဝဝ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ရာ စီမံကိန်းမှထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကိုနိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ပြည်တွင်းသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။
သို့ပါ၍ ရွှေလီရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများပြီးစီးသွားပါက အထက်ပါ စီမံကိန်းသုံးခုမှ စုစုပေါင်းမဂ္ဂါဝပ် ၂၁၇ဝ ကျော်ရရှိလာမည်ဖြစ်၍ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ထပ်မံဖြည့်ဆည်းပေးနိုင်တော့မည် ဖြစ်သည်။
Credit to >>>The Mirror Daily

0 comments:

Post a Comment