Tuesday, January 5, 2016

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင် အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ကိုးဦးသေဆုံး ၂၀၀ ကျော်ဒဏ်ရာရ


 မြန်မာနိုင်ငံ အနောက်ဘက်မှ အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံ၌ ဇန်နဝါရီ ၄ ရက်တွင် အင်အားပြင်းငလျင် တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး ကိုးဦး သေဆုံးပြီး ၂ဝဝ ကျော် ဒဏ်ရာရရှိ ထားကြောင်း သိရသည်။

အမေရိကန်ဘူမိဗေဒ တိုင်းတာရေး အဖွဲ့၏ ပြောကြားချက်အရ အဆိုပါ ငလျင်သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရ ပြည်နယ်ရှိ အင်ဖာမြို့ အနောက်ဘက်မှ ၁၈ မိုင်အကွာ မြေအောက်အနက် ၃၅ မိုင်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ပြင်းအား ၆ ဒသမ ၈ မဂ္ဂနီကျူ့ဒ် ရှိကြောင်း သိရသည်။
ငလျင်လှုပ်ခတ်မှု ဖြစ်ပွားချိန်တွင် လူပေါင်း ၂၇ဝဝဝဝ ကျော် နေထိုင်သည့် မြို့မှ ဒေသခံ အများစုမှာ အိပ်စက်လျက် ရှိကြောင်းနှင့် အဆောက်အအုံ အချို့ ပြိုကျပျက်စီး မှုများ ဖြစ်ပွားခဲ့ပြီး လူများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ ရကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုသည် အိမ်နီးချင်း မြန်မာနိုင်ငံကို သာမက ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နီပေါနိုင်ငံ တို့ကိုပါ ရိုက်ခတ်မှု ရှိခဲ့ပြီး သေဆုံးသူများ အနက် ခြောက်ဦးမှာ အိန္ဒိယနိုင်ငံမှ ဖြစ်ကြောင်းနှင့် ကျန်သုံးဦးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ငလျင်လှုပ်ခတ်မှု အပေါ် အစိုးရ၏ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ နှေးကွေးလျက် ရှိကြောင်း ဒေသခံအချို့က ဝေဖန်ပြောကြားမှုများ ရှိနေသော်လည်း တာဝန်ရှိ သူများ အနေဖြင့် မဏိပူရ ပြည်နယ်အနီးရှိ အာသံ ပြည်နယ်မှ ကယ်ဆယ်ရေး အဖွဲ့ဝင်များကို ငလျင် လှုပ်ခတ်မှု ဖြစ်ပွားရာ ဒေသသို့ စေလွှတ် ထားကြောင်း အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ က ပြောကြား ထားသည်။
Credit to >>> ကြေးမုံ

0 comments:

Post a Comment