Friday, December 18, 2015

ကချင်ပြည်နယ် ဖားကန့်ဒေသသို့ ရောက်ရှိနေသော ယာဉ်၊ ယန္တရားများ တရားဝင် တင်သွင်းခြင်း ဟုတ်/မဟုတ် ကွင်းဆင်း စစ်ဆေးမည့် အပြင် ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေးစခန်းမှ ယာဉ်၊ ယန္တရားများ တင်သွင်း ခွင့်ကိုလည်း ခေတ္တ ဆိုင်းငံ့ထားရှိမည်



ကချင်ပြည်နယ် ကန်ပိုက်တီး နယ်စပ်ဒေသမှ တရားမဝင် ယာဉ်နှင့်ယန္တရား များ ဝင်ရောက်နေကြောင်း လူမှုမီဒီယာများတွင် သတင်း များ ဖြစ်ပေါ် နေခြင်းနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်း အား မေးမြန်းခဲ့ရာ ၎င်းက ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေး စခန်းမှ ယာဉ်၊ ယန္တရား အစီးရေ ၈၈ဝ တရားဝင်တင်သွင်းခွင့်ပြုခဲ့ကြောင်း ပြောကြားသည်။

အဆိုပါ ယာဉ်၊ ယန္တရားများ တင်သွင်းခွင့်နှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှသာ တင်သွင်းခွင့်လိုင်စင် ထုတ်ပေး လျက် ရှိရာ နယ်စပ်ကုန်သွယ်ရေးစခန်း များမှ တင်သွင်းခွင့်တင်ပြ လာမှုများ ကိုလည်း စိစစ်၍ ခွင့်ပြုပေးလျက်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်းများ မှ တင်သွင်းခွင့်ရသည့် ယာဉ်၊ ယန္တရားများကို အကောက်ခွန်ဦးစီးဌာနမှ တင်သွင်းခွင့်လိုင်စင်နှင့် တိုက်ဆိုင်စစ်ဆေး၍ မှန်ကန်မှုရှိပါက လုပ်ထုံး လုပ်နည်းနှင့်အညီ အခွန်ကောက်ခံလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၏ ၉၄ မိုင်ခန့်အကွာရှိ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေးစခန်းမှ တရားဝင် တင်သွင်းခွင့်ပြုခဲ့သော ယာဉ်၊ ယန္တရားများ သည် တင်သွင်းခွင့်လိုင်စင်နှင့် သွင်းကုန်ကြေညာလွှာ စာရွက်စာတမ်း အထောက်အထားများ ပြည်စုံစွာပါရှိက ယာဉ်နံပါတ် မရှိသေးသော် လည်း မြစ်ကြီးနားမြို့သို့ မောင်းနှင်ခွင့်ရရှိကြောင်း၊ အဆိုပါယာဉ်၊ ယန္တရားများကို တင်သွင်းခွင့်ရရှိပြီး ၂၁ ရက်အတွင်း၌ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနတွင် မှတ်ပုံတင်မှသာ ယာဉ်နံပါတ်များရ ရှိခြင်းဖြစ်၍ ၎င်းနေရာနှင့် အချိန်အတွင်း ယာဉ်နံပါတ်မပါရှိသေးသော ယာဉ်အားလုံးကို တရားမဝင်ဟု သတ်မှတ်၍မရနိုင်ကြောင်း ညွှန်ကြားရေး မှူး ဦးတင်ရဲဝင်း၏ ပြောကြားချက်အရ သိရသည်။
ယာဉ်၊ ယန္တရားများ တရားဝင်ခြင်းနှင့် တရားမဝင်ခြင်းကို တင်သွင်း ခွင့်လိုင်စင်နှင့် သွင်းကုန်ကြေညာလွှာအား တိုက်ဆိုင်စစ်ဆေးမှုဖြင့် သိရှိနိုင်ကြောင်း၊ တင်သွင်းခွင့် ၂၁ ရက်ကျော်လွန်ပါက ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဥပဒေနှင့်အညီ စိစစ်အရေး ယူ ဆောင်ရွက်လျက်ရှိကြောင်း၊ ယာဉ်၊ ယန္တရားများ တရားမဝင်ရောက် ရှိ နေမှုများကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ အနေဖြင့် စစ်ဆေးအရေးယူလျက်ရှိကြောင်း ၊ အကြမ်းအားဖြင့် ယာဉ်များအားလုံး နံပါတ်ပါရှိကြသော်လည်း ကညန၏ နံပါတ်များနှင့် တိုက်ဆိုင်စစ်ဆေးနိုင်ကြောင်း၊ ယန္တရားအုပ်စုမှာ လုပ်ငန်း သုံးဖြစ်၍ နံပါတ်မပါသော်လည်း အင်ဂျင်နံပါတ်နှင့် တိုက်ဆိုင် စစ်ဆေးနိုင်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်လည်း Mobile Team အဖွဲ့ဖြင့် စစ်ဆေး ကြပ်မတ်လျက်ရှိပြီး တရားမဝင်ကုန် သွယ်မှုများ စစ်ဆေးတွေ့ရှိပါက ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူလျက် ရှိကြောင်း၊ ယခုအခါ တရားမဝင် ယာဉ်အစီးရေ ၇ဝဝ ကျော် ထိန်းသိမ်းရရှိ သဖြင့် လေလံစနစ်ဖြင့် ပြန်လည်ရောင်းချ၍ နိုင်ငံတော် ဘဏ္ဍာငွေရရှိစေ ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ဆက်လက်ပြောကြားသည်။
ထို့အပြင် ကချင်ပြည်နယ် ဖားကန့်ဒေသသို့ ရောက်ရှိနေသော ယာဉ်၊ ယန္တရားများသည် တရားဝင် တင်သွင်းခြင်း ဟုတ်၊ မဟုတ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစီးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် ကချင်ပြည်နယ် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းမှ ယာဉ်၊ ယန္တရားများ တင်သွင်းခွင့် ကိုလည်း ခေတ္တဆိုင်းငံ့ထားရှိမည်ဖြစ်ကြောင်း သိရသည်။

Credit To >>> Democracy News 

0 comments:

Post a Comment