Saturday, November 14, 2015

နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များ နိုဝင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များသည် နိုဝင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ရုံးတွင် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ တွေ့ဆုံမည့် သတင်းနှင့် ပတ်သက်၍ ရွေးကောက်ပွဲတွင် နေရာများစွာ အနိုင်ရရှိခဲ့ပြီး အစိုးရ ဖွဲ့နိုင်ပြီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးထွန်းထွန်းဟိန်က အတည်ပြု ပြောကြားပေးသည်။

“ဖိတ်ကြားစာ ရောက်တယ်လို့တော့ ကျွန်တော်ကြားတာပဲ။ သွားတက်ဖို့ များတာကတော့ ဆရာဥာဏ်နဲ့ ဦးဟန်သာမြင့်နဲ့ သွားတက်လိမ့်မယ် ထင်ပါတယ်ဗျ။ ကျွန်တော် သိသလောက်ကတော့ သမ္မတက နိုင်ငံရေး ပါတီများနဲ့ တွေ့ရန် ဒီလိုပဲ ပြောပါတယ်” ဟု ဦးထွန်းထွန်းဟိန်က နိုဝင်ဘာ ၁၃ ရက်တွင် ပြောကြားသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကလည်း “၁၅ ရက်နေ့ ၁၀ နာရီ။ နေရာက ရန်ကုန်တိုင်း အစိုးရရုံးမှာပါ။ ကျွန်တော်တို့ဆီက ဒုတိယ ဥက္ကဋ္ဌ တက်မှာပါ။ နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များနဲ့  နိုင်ငံရေးပါတီ ခေါင်းဆောင်များအကြား နိုင်ငံတော် အတွင်း လက်ရှိဖြစ်ပေါ် တိုးတက်မှုများနဲ့ စပ်လျဉ်း၍ တွေ့ဆုံပွဲတဲ့။ ဘာကိစ္စများ ပြောမယ်ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပေါ့” ဟု နိုင်ငံတော် သမ္မတနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံမည့် အခြေအနေနှင့် ပတ် သက်ပြီး ရှင်းပြသည်။
 
 
Credit To >>>>> Eleven Media Group

0 comments:

Post a Comment