၂၀၁၅ အောက်တိုဘာ လကုန်အထိ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များ အတွင်း နိုင်ငံရေး အကျဉ်းသား ၁၁၂ ဦး ဆက်လက် ထိန်းသိမ်းခံနေရပြီး တက်ကြွ လှုပ်ရှားသူ ၄၈၆ ဦး တရား ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က နိုဝင်ဘာ ၁၂ ရက်က ထုတ်ပြန်သည့် ၂၀၁၅ အောက်တိုဘာလ အတွင်း နိုင်ငံရေး အကျဉ်းသားများ အခြေအနေပြ လစဉ် အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြခဲ့သည်။
၂၀၁၅ ခုနှစ် အောက်တိုဘာတွင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ စုစုပေါင်း ၁၀ ဦး ဖမ်းဆီးခံရပြီး ထို ၁၀ ဦးထဲမှ ရှစ်ဦးသည် ထောင်ဒဏ် ချမှတ်ခံခဲ့ရကြောင်းနှင့် နိုင်ငံရေး လှုပ်ရှားသူ ၃၁ ဦး ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း ဖော်ပြထားသည်။
ထို့ပြင် လက်ရှိ အကျဉ်းကျ ခံနေရသည့် နိုင်ငံရေး အကျဉ်းသား ကိုးဦးမှာလည်း ကျန်းမာရေး ဆိုးရွားလျက် ရှိကြောင်း ဖော်ပြထားသည်။
အမျိုးသား ပညာရေး ဥပဒေကြမ်းအား ဆန့်ကျင် ဆန္ဒပြပွဲ၌ ပူးပေါင်းပါဝင်၍ မတ်လအတွင်းတွင် ဖမ်းဆီးခံရပြီး တရားစွဲ ဆိုခံထားရသော ကျောင်းသားများနှင့် တက်ကြွ လှုပ်ရှားသူ ၆၁ ဦးသည် ဆက်လက် ထိန်းသိမ်းခံ ထားရဆဲဖြစ်ပြီး ယခုလတွင်လည်း လက်ပံတန်း အမှုကိစ္စအား ဆုံးဖြတ်နိုင်ခြင်း မရှိသေးကြောင်းနှင့် သာယာဝတီ ထောင်တွင် ထိန်းသိမ်းခံထားရသော ကျောင်းသား ခေါင်းဆောင် ကိုအောင်မှိုင်းဆန်းသည် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေး ကျောင်းသားများ တောင်းဆိုထားမှုများကို လိုက်လျောခြင်း မရှိသောကြောင့် အစာငတ်ခံ ဆန္ဒပြလျက်ရှိကြောင်းလည်း ဖော်ပြထားသည်။
တရားမျှတသော ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ စိုးရိမ်မှုများ ရှိနေသော်လည်း အောက်တိုဘာတွင် ဖမ်းဆီးမှုများ ဆက်လက် ရှိခဲ့ကြောင်းနှင့် တစ်သီးပုဂ္ဂလ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည့် ဒေါ်မြတ်နုခိုင်သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာတွင် ပြုလုပ်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ၌ ပူးပေါင်း ပါဝင်သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရကြောင်းနှင့် ရွေးကောက်ပွဲ မတိုင်ခင် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း တစ်ဦးအား ဖမ်းဆီးခဲ့ခြင်းသည် ယခုလအတွင်း သတိပြုဖွယ် အမှုကိစ္စ တစ်ရပ်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ထို့ပြင် အမှု အများအပြားသည် စီရင်ချက် ချမှတ်ခံခဲ့ရပြီး ရွေးကောက်ပွဲ ပြီးသည့် တိုင်အောင် ကြာရှည်သော ထောင်သွင်း အကျဉ်းချထားမှုများ ရှိနေခဲ့ကြောင်းနှင့် မိချောင်းကန် သပိတ်စခန်းမှ ဆန္ဒပြခဲ့သူ ၁၃ ဦး သည် ၎င်းတို့၏ ဘိုးဘွားပိုင်မြေများ ပြန်လည် ရရှိရန်နှင့် လျော်ကြေးများ ရရှိရန် တောင်းဆို ဆန္ဒပြခြင်းအတွက် ထောင်ဒဏ် လေးလချ မှတ်ခံခဲ့ရကြောင်း၊ သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူ ငါးဦးသည် ဒီရေတော အပင်များကို ဖျက်ဆီးသည် ဟူသော စွပ်စွဲ ချက်ဖြင့် ပြစ်ဒဏ်ငါးလချ မှတ်ခံခဲ့ရကြောင်း၊ အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို ဆန့်ကျင် ကန့်ကွက်သည့် စာများ ရေးသားခဲ့သည့် အတွက် ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးနှင့် ကိုဥာဏ်လင်းထက် တို့သည် ဇူလိုင် ၁ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီး သုံးလနှင့် ခြောက်လ အသီးသီး ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်းလည်း ဖော်ပြထားသည်။
အဆိုပါ လက်ရှိ အကျဉ်းထောင် အတွင်းရှိသော နိုင်ငံရေး အကျဉ်းသားများနှင့် အမှုရင်ဆိုင်နေရသူများ စာရင်းကို ၂၀၁၄ သြဂုတ်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော နိုင်ငံရေး ပါတီများ၊ နိုင်ငံရေး အကျဉ်းသားဆိုင်ရာ အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ အလုပ်ရုံ ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်ပေါ်တွင် အခြေခံ၍ ပြုစုထားကြောင်း သိရသည်။
နိုင်ငံရေး အကျဉ်းသားများ အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီကပင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် လိုလားလျက်ရှိပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဇူလိုင်အတွင်းကလည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ အကြံပြုစာ ပေးပို့ခဲ့ကြောင်း သိရသည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment