Tuesday, November 17, 2015

အိုင်အက်စ် အကြမ်းဖက်အဖွဲ့ကို အဆုံးတိုင် ချေမှုန်းသွားမည်ဟု ပြင်သစ်သမ္မတ ကတိပြု


အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့ကို အပြီးတိုင် ချေမှုန်းသွားရန် သံန္နိဋ္ဌာန်ချထားကြောင်း ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်းက ပြောကြားလိုက်သည်။
ပြင်သစ်၏ ပါရီမြို့တော်တွင် လူပေါင်း ၁၂၉ ဦးထက်မနည်း သေဆုံးစေခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုကြီးကို မိမိတို့ စီမံကြိုးကိုင်ခဲ့ကြောင်း အိုင်အက်စ်တို့က ကြေညာခဲ့သည်။
အဆိုပါဖြစ်ရပ် ပေါ်ပေါက်ပြီး ၂ ရက် အကြာ နိုဝင်ဘာ ၁၅ ရက်တွင် ပြင်သစ်လေတပ်သည် ဆီးရီးယားနိုင်ငံ၊ ရက္ကာမြို့ရှိ အိုင်အက်စ် စစ်ရေးပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ပါရီ အကြမ်းဖက်မှုနှင့် ပတ်သက်၍ လွှတ်တော်အစည်းအဝေး ပြုလုပ်ရာတွင် လတ်တလော ကြေညာထားသည့် အရေးပေါ်အခြေအနေကို သုံးလထိ သက်တမ်းတိုးမြှင့်ထားမည် ဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံဥပဒေကိုလည်း လုံခြုံရေးကဏ္ဍ ပိုမိုတင်းကျပ်သည့် အပြောင်းအလဲများ ပြုလုပ်သွားရန် စဉ်းစားနေကြောင်း ဟော်လန်းက ပြောကြားခဲ့သည်။
“တချို့သော အခြေအနေတွေက အရေးပေါ် အခြေအနေ ပြဋ္ဌာန်းထားမှ ကိုင်တွယ်ဖြေရှင်းလို့ ရနိုင်တာမျိုးတွေ ဖြစ်ပါတယ်”ဟု ဟော်လန်းက ဆိုသည်။ အထက်နှင့်အောက် လွှတ်တော်နှစ်ရပ်မှ အမတ်များနှင့်
တွေ့ဆုံရာတွင် ဟော်လန်းက လုံခြုံရေးနှင့် ပတ်သက်သည့် အခြားသော အချက်အလက်များကိုလည်း တင်သွင်းအဆိုပြုခဲ့သည်။
ယင်းတို့တွင် ပြင်သစ်နိုင်ငံတစ်ဝန်း၌ လာမည့် ၂ နှစ်အတွင်း ရဲကင်း ၅၀၀၀ တိုးချဲ့ဆောက်လုပ်ရန်၊ ကာကွယ်ရေး အသုံးစရိတ် လျှော့ချမှု အစီအစဉ်များကို ရပ်တန့်ရန် အစရှိသည်တို့ ပါဝင်သည်။ ထို့အပြင် အိုင်အက်စ်တို့ကို အမြစ်ပြတ် ချေမှုန်းရေးအတွက် မကြာမီ ရက်ပိုင်းအတွင်း အမေရိကန်သမ္မတ ဘာရတ်အိုဘားမား၊ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့နှင့် သွားရောက် ဆွေးနွေးမည်ဟုလည်း ဆိုသည်။
၎င်းက ဆီးရီးယားတွင် သမ္မတ ဘာရှာအယ်လ်အာဆက်ဒ်၏ အစိုးရကို ဆက်လက်၍ ဆန့်ကျင်ရပ်တည်မည်ဟု အတည်ပြုခဲ့သော်လည်း “ဒါပေမဲ့ ဆီးရီးယားက ကျွန်တော်တို့ရဲ့ တကယ့်ရန်သူက ဒေ့ရှ် (အိုင်အက်စ်၏ ဒေသခံအမည်) တွေပဲ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဟော်လန်းက “ကျွန်တော်တို့ဟာ လူ့အဖွဲ့အစည်း တစ်ခုနဲ့ စစ်ပြုဖို့ ဘယ်တုန်းကမှ စိတ်ဆန္ဒ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီလူသတ်သမားတွေဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ကိုယ်စားမပြုပါဘူး။ ကျွန်တော်တို့ဟာ အကြမ်းဖက်ဝါဒ၊ ဂျီဟတ်ဝါဒနဲ့ စစ်ဖြစ်နေတာပါ။ ဒီဝါဒတွေဟာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေပါတယ်။ အကြမ်းဖက် ဝါဒဟာ ပြင်သစ်ကို မဖျက်ဆီးနိုင်စေရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြင်သစ်က သူတို့ကို အဆုံးတိုင် ဖျက်ဆီးပစ်မှာ မို့လို့ပဲ” ဟုလည်း ဆိုသည်။ ၎င်းက ပြင်သစ်၏ Charles de Gaulle လေယာဉ်တင် သင်္ဘောကြီးကို ဆီးရီးယား ကမ်းလွန်သို့ စေလွှတ်ပြီး အိုင်အက်စ်တို့ကို စစ်ဆင်ရေး ဆင်နွှဲရာတွင် အားဖြည့်ပေးမည်ဟုလည်း အတည်ပြုခဲ့သည်။
နိုဝင်ဘာ ၁၅ ရက် ညပိုင်းတွင် ပြင်သစ်လေယာဉ်များသည် အိုင်အက်စ်တို့ အဓိက ခြေကုပ်ယူထားသည့် ရက္ကာမြို့မှ စစ်ရေးပစ်မှတ်များကို ဗုံးအလုံးပေါင်း ၂၀ ထိ ကြဲချ တိုက်ခိုက်ခဲ့သည်။ အိုင်အက်စ်စစ်သွေးကြွများကမူ တိုက်ခိုက်မှုမတိုင်မီ အဆိုပါ ပစ်မှတ် နေရာများကို ကြိုတင် စွန့်ခွာနိုင်ခဲ့သဖြင့် အသေအပျောက် အထိအခိုက် မရှိခဲ့ကြောင်း ကြေညာခဲ့သည်။

Credit To >>> 7Day News 

0 comments:

Post a Comment