ယခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပြီးသူ မဲဆန္ဒရှင်များကို အမှတ်အသား ပြုလုပ်မည့် မင်ရည်ကို ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP အကူအညီနှင့် ပြည်ပမှ မှာယူမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက The Voice သို့ ပြောကြားသည်။
ဇူလိုင်လ ၂၀ ရက်နေ့ ParkRoyal ဟိုတယ်တွင် ပြုလုပ်သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက် ပိုသော မဲပေးမှုများ မဖြစ်ပေါ်ရေးအတွက် မဲပေးပြီးသူ မဲဆန္ဒရှင်လက်ကို မင်တို့၍ အမှတ်အသား ပြုလုပ်ထားမည်ဖြစ်ပြီး ယင်းမှင်များကို မှာယူတင်သွင်းနိုင်ရေးကို UNDP နှင့် ဆွေးနွေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။
“ဘယ်နိုင်ငံက မှာမလဲ ဆိုတာတော့ မသိသေးဘူး။ နောက်တစ်ပတ်ထဲမှာ UNDP နဲ့ ထပ်ညှိနှိုင်းဖို့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါမှင်များကို တစ်ကြိမ် အသုံးပြုထားပါက မည်သည့်အရာနှင့်မျှ ဖယ်ရှားနိုင်မည် မဟုတ်ဘဲ အနည်းဆုံး ၄၈ နာရီ နောက်ပိုင်းမှသာ ပယ်ဖျက်နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းသို့ မဲပေးပြီးသူများကို မှင်တို့သတ်မှတ်သော စနစ်ကို ကျင့်သုံးခြင်းဖြင့် မဲတစ်ကြိမ်ထက် ပိုပေးမှုများ နည်းပါးသွားနိုင်ပြီး ရွေးကောက်ပွဲ တရားမျှတရေးအတွက် အထောက်အကူဖြစ်နိုင်ကြောင်း နိုင်ငံရေးပါတီများကလည်း ထောက်ပြပြောဆိုထားသည်။
အလားတူ ၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲပေးရာတွင် အမှန်ခြစ် ခြစ်ရသောစနစ်ကို ကျင့်သုံးခဲ့သော်လည်း ယခုနှစ်အတွင်း ကျင်းပမည့် ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲမှ စတင်ကာ တံဆိပ်တုံးထု မဲပေးရမည့်စနစ်ကို ပြောင်းလဲကျင့်သုံးမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။
အလားတူ အထွေထွေရွေးကောက်ပွဲကာလ အတွင်း လျှပ်စစ်မီးရရှိရန် ခက်ခဲသော ဒေသများရှိ မဲရုံများတွင် အသုံးပြုရန် UNDP ၏ အကူအညီဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ အမေရိကန်ဒေါ်လာ ၈၉၅,၀၀၀ တန်ဖိုးရှိ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်အလုံးပေါင်း ၂၅,၀၀၀ ကို ဂျပန်အစိုးရက ထောက်ပံ့ထားသည်။
Credit To >>> The Voice News
Tuesday, July 21, 2015
မဲပေးပြီး အမှတ်အသား ပြုလုပ်မည့် မင်ရည် UNDP အကူအညီနှင့် ပြည်ပမှ မှာယူမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment