Monday, May 16, 2016

ဓာတ်အားခ ပိုမိုကောက်ခံမိပါက ပြန်လည် ပေးလျော်မည်ဟုဆို

လျှပ်စစ်မီး သုံးစွဲမှုများ၌ လစဉ်ကျသင့်သည့် ပမာဏထက် ဓာတ်အားခ ပိုမိုကောက်ခံမိပါက သက်ဆိုင်ရာမြို့နယ် လျှပ်စစ်ရုံးများက ပြန်လည် ပေးလျော်ပေးမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြို့နယ်အများစုတွင် လစဉ်ဓာတ်အားခ ပေးဆောင်ရသော ပမာဏနှုန်းထားများ မညီမျှမှုများကြောင့် ပြည်သူများ မကျေနပ်မှုများ ဖြစ်ကြခြင်းအပေါ် The Voice ၏မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ကိုယ်သုံးတဲ့ ဓာတ်အားခအတွက် သံသယဖြစ်ရင် မြို့နယ်ရုံးကို သွားစစ်လို့ရတယ်။ အဲ့လိုစစ်လို့ အမှားပါရင် သက်ဆိုင်ရာရုံးက တာဝန်ယူရမယ်”ဟု ၎င်းက ဆိုသည်။
ယင်းသို့ လစဉ်ပေးဆောင်ရသော နှုန်းထားများ မညီမျှမှုသည် ဒစ်ဂျစ်တယ်မီတာစနစ်ဖြင့် ကောက်ခံရာတွင် လစဉ် ပုံမှန် မီတာလာရောက် မဖတ်ကြားခြင်း၊ မီး မကြာခဏ ပျက်သော်လည်း ဓာတ်အားခမှာ ကျသင့်နှုန်းထက် နှစ်ဆကျော် ပေးဆောင်နေရကြောင်း ရန်ကုန်မြို့နေ ပြည်သူများကြား ပြောဆိုမှုများ ရှိနေသည်။
“မီတာလာဖတ်တာက လစဉ် ၁ ရက်မှ ၅ ရက်အကြား လစဉ်ဖတ်တယ်။ ဒစ်ဂျစ်တယ်စနစ်ဆိုတော့ Automatic ယူနစ် တွက်တဲ့ စနစ်နဲ့ဖတ်တာ။ ဒါကြောင့် အရင်လက မီတာဖတ်ထားတဲ့ ယူနစ်နဲ့ အခုလ ဖတ်တဲ့စာရင်းကို တွဲပြထားတယ်။ အဲ့နှစ်ခု ကိုက်နေရင်တော့ မမှားဘူး။ဘောက်ချာမှားပြီး အမှတ်မှားတွေတော့ ရှိနိုင်တယ်”ဟု ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
လျှပ်စစ်သုံးစွဲရာတွင် တစ်ထောင်ဝပ်ကို တစ်နာရီ အသုံးပြုမိပါက တစ်ယူနစ် တိုးကြောင်း၊ လျှပ်စစ်မီးဖို တစ်ခုလျှင် ပျှမ်းမျှအနည်းဆုံး ထောင့်နှစ်ရာ ဝပ်မှ နှစ်ထောင်အထိ ရှိနိုင်ကြောင်းနှင့် ဓာတ်အားခ ကောက်ခံမှုများတွင် သုံးစွဲသည့်ယူနစ် များပြားပါက ကောင်ခံသည့်နှုန်းထား ပိုမိုများပြားသောကြောင့် ကျသင့်ငွေ ပိုမိုများပြားရခြင်းဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊လျှပ်စစ်အင်ဂျင်နီယာ တစ်ဦးက ရှင်းပြသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အိမ်သုံးမီတာ သုံးစွဲရာတွင် တစ် ယူနစ်မှ ယူနစ် တစ်ရာအထိ တစ် ယူနစ်လျှင် ၃၅ ကျပ်၊ ယူနစ် တစ်ရာမှ နှစ်ရာ ယူနစ်အတွက် တစ်ယူနစ်လျှင် ၄ဝ ကျပ်နှင့် နှစ်ရာ ယူနစ်အထက် ၅ဝ ကျပ် ကောက်ခံသည်။

Credit To >>> The Voice Weekly

0 comments:

Post a Comment