Tuesday, July 21, 2015

အာရှဈေးကွက်တွင် ငါးနှစ်အတွင်း ရွှေဈေး အနိမ့်ဆုံးသို့ ကျဆင်း


အာရှရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ တစ်ထောင့်တစ်ရာသို့ ရောက်ရှိသွားခဲ့ပြီး ယင်းပမာဏသည် ငါးနှစ်အတွင်း အနိမ့်ဆုံးပမာဏ ဖြစ်ခဲ့ကြောင်း VOA သတင်းတစ်ရပ်က ဖော်ပြထားသည်။

ရွှေဈေးကျဆင်းခြင်းကို ကုန်သည်များက အငယ်စားဖြစ်ပျက်မှု တစ်ခုဟုသာ ပြောဆိုခဲ့သော်လည်း ရောင်းချမှုက အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံဖိုးအထိ ရှိခဲ့သည်။
“တကယ်ဈေးကွက်ထဲမှာဆိုရင် ဒီလောက်ဖြစ်မသွားနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီပမာဏနဲ့ဆို ရွှေတွေအများကြီး လိုမယ်လေ။ အီလက်ထရွန်နစ် ဈေးကွက်ထဲမှာတော့ ဝယ်သူက ရနိုင်သလောက် ဝယ်မှာဖြစ်ပါတယ်” ဟု စင်ကာပူအခြေစိုက် Bullion Star ရွှေဈေးကွက်ကုမ္ပဏီမှ ရောင်းချရေးနှင့် လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ မန်နေဂျာ လုခ်ချူအာက ပြောကြားခဲ့သည်။
ယင်းသို့ ခန့်မှန်းရောင်းချမှုများသည် စင်ကာပူ ရွှေဈေးကွက်တွင် စတင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ရွှေဈေးစံချိန်တင် ကျဆင်းမှုနှင့် ပတ်သက်၍ စင်ကာပူရွှေဈေးကွက်က ထုတ်ပြန်ခြင်း မရှိသေးပေ။
ရောင်းချနေမှုများသည် ရှန်ဟိုင်းဈေးကွက်တွင်လည်း မြင့်မားစွာ ဖြစ်ပေါ်နေကြောင်း Bloomberg သတင်းတစ်ရပ်က ဖော်ပြထားသည်။
ဂရိစီးပွားရေး ပြိုကျခြင်းနှင့် တရုတ်စတော့ဈေးကွက်များ ယိုင်နဲ့ခြင်းတို့ကြောင့် ရွှေကို လက်လွှတ်လိုသူများများ လာခြင်းကလည်း ရွှေဈေးကို ပိုမိုကျဆင်းစေလျက် ရှိသည်။
ရွှေဈေးများ စံချိန်တင်ကျဆင်းခြင်းအပေါ် တရုတ်၏ တိုက်ရိုက်သက်ရောက်မှုများ ရှိနိုင်သည်ဟု ခန့်မှန်းမှုများလည်း ထွက်ပေါ်လျက်ရှိသည်။
“ဈေးကွက်မှာ ပြောဆိုနေကြတာတွေက တိုက်ရိုက်သက်သေအထောက်အထား မရှိပါဘူး” ဟု စင်ကာပူရွှေ ဈေးကွက်မှ မစ္စတာချူအာက ဆိုသည်။
ကမ္ဘာ့အကြီးဆုံး ရွှေထုတ်လုပ်သည့် နိုင်ငံဖြစ်သော တရုတ်က တရုတ်၏ အာမခံ ရွှေထိန်းသိမ်းထားမှုမှာ ၅၉ ရာခိုင်နှုန်းအထိ တက်လာကြောင်း ပြီးခဲ့သည့် သောကြာနေ့က ထုတ်ပြန်ထားသည်။
Credit to >>>The Voice 

0 comments:

Post a Comment