Tuesday, July 21, 2015

ပြည်သူက လက်ခံတောင်းဆိုပါက သမ္မတရာထူး ရယူမည်ဟု ကာကွယ်ရေး ဦးစီးချုပ် ပြောကြား


 မြန်မာနိုင်ငံရေးတွင် အာဏာကြီးကြီးမားမား ရယူထားသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုဝင်ဘာရွေးကောက်ပွဲ၏ ရလဒ်ကို လေးစားမည် ဟု ကတိပြုခဲ့ပြီး သမ္မတအဖြစ် ရွေးချယ်ခံခြင်းပြုမပြုဆိုသောမေးခွန်းကို ယတိပြတ်ငြင်းဆိုခြင်းမရှိပေ။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘီဘီစီသတင်းဌာနနှင့် တွေ့ဆုံရာတွင် “တရားမျှတစွာ အနိုင်ရတယ်ဆိုရင် ဘယ်သူပဲနိုင်နိုင် ရလဒ်ကို ကျွန်တော်လေးစားမှာ ပါ။ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ ဆန္ဒပါ။ ဒီလိုဖြစ်လာဖို့ ကျွန်တော်တို့ တတ်နိုင်သမျှ ကူညီသွားဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ပြောကြားခဲ့သည်။
နိုဝင်ဘာ ၈ တွင်ပြုလုပ်မည့် ရွေးကောက်ပွဲများ ဆယ်စုနှစ်များစွာအတွင်း လွတ်လပ်မှုအရှိဆုံး ရွေးကောက်ပွဲဖြစ်မည်ဟု မျှော်လင့်ရပြီး မဲပေးသူ သန်း ၃၀ ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။ မြန်မာနိုင်ငံသည် အတိုက်အခံများကို ဖိနှိပ်နှိမ်နင်းလေ့ရှိပြီး အထီကျန်နေလေ့ရှိသည့် စစ်အာဧာရှင်အုပ်ချုပ်ရေး လက်အောက်တွင် ဆယ်စုနှစ်များစွာနေခဲ့ရပြီး စီးပွားရေးပျက်စီးယိုယွင်းကာ စစ်ခေါင်းဆောင်အချို့သာ အလွန်အမင်းချမ်းသာလာခဲ့သည်။
၂၀၁၁ တွင် ဗိုလ်ချုပ်ဟောင်းများ ခေါင်းဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရ တက်လာခဲ့ပြီး အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုအများအပြား ရုပ်သိမ်းခဲ့သည်။
နိုဝင်ဘာရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတပါက NLD ပါတီက အမတ်နေရာအများစု အနိုင်ရမည်ဟု ခန့်မှန်း ထားသည်။ ရွေးကောက်ပွဲ ရလဒ်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက် ၍ နိုင်ငံတကာက သုံးသပ်ကောက်ချပ်ချနိုင်ရန် အခွင့်အရေးရရှိမည်ဖြစ်သည်။
သို့သော် ရွေးကောက်ပွဲတွင် အတိုက်အခံများ အပြတ်အသတ် အနိုင်ရခဲ့လျှင် ပင် စစ်တပ်က လွှတ်တော်အမတ်နေရာ ၂၅ % ရယူထားသဖြင့် နိုင်ငံရေး အရ လွှမ်းမိုးနိုင်စွမ်းရှိနေဆဲဖြစ်သည်။ ယခင်စစ်အစိုးရရေးဆွဲခဲ့သည့် အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်သူများ အဖြစ် စစ်တပ်က အခိုင်အမာ ရယူထားသည်။ NLD က အခြေခံဥပဒေကို ပြင်ဆင် ရန် ဆောင်ရွက်သွားမည်ဟုဆိုထားသည်။
ကာကွယ်ရေးဦးစီးချုပ်က ဘီဘီစီနှင့် အင်တာဗျူးတွင် အခြေခံဥပဒေပါ အချက် အချို့ကို ပြုပြင်ရန် လမ်းဖွင့်ထားသော်လည်း တိုင်းရင်းသား လက်နက်ကိုင် များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် အခြေအနေကြောင့် အခြေခံဥပဒေ အချက်အများစုကို လက်ရှိအတိုင်း ထားရှိရန် လိုအပ်သည်ဟု ပြောကြားသည်။ ၄င်းက “စစ်မှန်တဲ့ လုံခြုံမှုမရှိဘဲ ဒီပြဿ နာတွေနဲ့ ထားခဲ့ဖို့ မဖြစ်နိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။
အစိုးရ၊ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား ကြာမြင့်စွာ ညှိနှိုင်းခဲ့ သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ အပစ်အခတ် ရပ်စဲရေး မူကြမ်းကို မတ်လတွင် လက်မှတ်ထိုးခဲ့သော်လည်း ပြီးခဲ့သည့် လများတွင် အခြေအနေပျက်ယွင်းလာခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား သမ္မတရာထူးရယူရန် အစီအစဉ် ရှိမရှိ မေးမြန်းသည့်အခါ ၄င်းက ယတိပြတ်ငြင်းဆိုခြင်းမပြုဘဲ လာမည့်နှစ်
အငြိမ်းစားယူချိန်အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ရှိနေမည်ဟု
သာ ဖြေကြားခဲ့သည်။
Credit to >>>Myanmar International News

0 comments:

Post a Comment