
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် တစ်ခုလုံးကို ရေကြီးမှုဘေးဒဏ်မှ
ကာကွယ်ပေးထားသည့် ဇလွန်ရေကာတာ၏ တာမိုင်အမှတ် ၁၈ မိုင် နေရာတွင် ဇူလိုင်လ ၁၉
ရက်က သုံးပုံတစ်ပုံခန့် ပြိုကျသွားသည့်အတွက် လူအင်အားဖြင့်
ကမ်းထိန်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေကြောင်း ရေကာတာအနီးရှိ
တောင်ပို့တစ်ရာအုပ်စု ဒေသခံများက ပြောကြားသည်။
အဆိုပါ ရေကာတာကြီးကို
ဆည်မြောင်းဦးစီးဌာနမှ လူအင်အား၊ စက်ယန္တရား အင်အားများဖြင့် ဟင်္သာတနှင့်
ဇလွန်မြို့နယ်တို့မှ ဒေသခံများ ပူးပေါင်းကာကွယ်ခဲ့သော်လည်း ဇူလိုင်လ
ပထမပတ်မှ ဇူလိုင်လ ဒုတိယပတ်အထိ ဆက်လက်ပြိုကျခဲ့ခြင်း ဖြစ်ပြီး
အတွေ့အကြုံများအရ ထပ်မံပြိုကျမည် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ပြိုကျလုနီး ဖြစ်နေသော ရေကာတာကြီး၏ အနောက်ဘက်တွင် ၂၀၁၄ ခုနှစ် အတွင်းက
တည်ဆောက်ခဲ့သော ပန်းတာတစ်လုံး တည်ရှိနေပြီး ၎င်းပန်းတာသစ်မှာ မြေအသားကျမှု
အားနည်းနေသည့် အခြေအနေကြောင့် အင်တိုက်အားတိုက် ကာကွယ်နေသည့်
ပန်းတာအဟောင်းကြီး တစ်ခုလုံး ပြိုကျခြင်း မရှိမှသာ စိတ်ချရမည့် အနေအထား
ဖြစ်ကြောင်း ၎င်းတို့က မှတ်ချက်ပြုသည်။
“ပြိုမယ်ဆိုတာ ကျတော်တို့သိတယ်။
သက်ဆိုင်ရာတချို့က ပန်းတာရှိတယ်။ စိတ်ချရတယ်လို့ ပြောနေတယ်။ သူတို့
အင်တိုက်အားတိုက် လုပ်ပေးနေတာပဲဆိုတဲ့ ကျေးဇူးနဲ့ သက်ဆိုင်ရာတွေကို
မတုံ့ပြန်ဘူး။ လိုတာကို ဝိုင်းကူနေတယ်” ဟု ကျေးရွာဖွံ့ဖြိုးရေး
အထောက်အကူပြု ကော်မတီ အတွင်းရေးမှူး ဦးစိန်မြင့်က ပြောကြားသည်။
ရေကာတာပဲ့ကျမှု လက်ရှိအခြေအနေ မရောက်မီ ဇူလိုင်လ ၁၄ ရက်မှစ၍ အမှတ် ၁၈
ခြေလျင်တပ်ရင်းမှ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် ၅၀ ကျော်ဖြင့်
လာရောက်ကူညီနေပြီး ဇူလိုင်လ ၂၀ ရက်တွင် ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး
ဦးစန်းဌေး၊ ခရိုင်ဆည်မြောင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး
ဦးဝေလွင်တို့ ကြီးကြပ် ပြီး ဇလွန်မြို့နယ်နှင့် ဟင်္သာတမြို့နယ်တို့မှ
ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးများ၊ ငါးလုပ်ငန်းဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊
ရဲတပ်ဖွဲ့၊ နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးအဖွဲ့၊
ခရိုင်ဆေးရုံအုပ်ကြီးအဖွဲ့ ဌာနဆိုင်ရာများ ပူးပေါင်း
ကာကွယ်လုပ်ကိုင်နေကြောင်း ၎င်းက ဆိုသည်။
“ပြိုမယ်ဆိုတာသိလို့
ပန်းတာအသစ်ကို ပြီးခဲ့တဲ့နှစ်က ကြိုလုပ်ထားတာပါ။ ခုလည်း သုံးပုံတစ်ပုံ
ပဲ့ကျတဲ့ ရေကာတာရဲ့နောက်မှာ ပိုးတာအရေးပေါ် လုပ်နေတယ်။ အတတ်နိုင်ဆုံး
ပြိုမကျအောင် လုပ်နေတယ်။ ဒီမိုးတွင်းကို ကျော်ဖြတ်နိုင်ရင်
လာမယ့်ပွင့်လင်းရာသီမှာ သောင်တူးတဲ့အလုပ် လုပ်လို့ရပြီ။ ခုလည်း ရသလောက်
ကြိုးစားလုပ်နေဦးမှာပဲ” ဟု ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက
ပြောဆိုသည်။
ပန်းတာအသစ်နှင့် ပန်းတာအဟောင်းကြားရှိ အိမ်ခြေ ၁၇၁
အိမ်ကို ရွှေ့ပြောင်းစရိတ် အဖြစ် အိမ်ထောင်စုတစ်စုလျှင် ကျပ်ငါးသောင်း
ထောက်ပံ့ရန် စီစဉ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
လက်ရှိတည်ရှိနေသော
မြစ်ရေအမှတ်အောက် ကျဆင်းပါက ကမ်းပါးပြိုကျမှုများ ပိုမိုဆိုးရွားလာနိုင်ပြီး
ရေကာတာကာကွယ်ရေး လုပ်ငန်းများအတွက် လက်ရှိခန့်မှန်းချက်များနှင့်
လွဲချော်နိုင်ကြောင်း ခရိုင်ဆည်မြောင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး
ဦးဝေလွင်က ဇူလိုင်လ ၁၆ ရက်က ပြောကြားခဲ့သည်။
ဟင်္သာတမြို့နယ်နှင့်
ဇလွန်မြို့နယ်တို့ကို ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရန် ဧရာဝတီ ဟင်္သာတတာ၊ ဧရာဝတီ
အရှေ့ဘက်ကမ်းတာ၊ ဟင်္သာတ ကမ်းနားတာတို့ကို ၁၈၈၁ ခုနှစ်တွင်
တည်ဆောက်ထားရှိပြီး ဟင်္သာတမြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့ကို
ငဝန်မြစ်ရေ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန် ငဝန်တာတမံကို ၁၈၈၂
ခုနှစ်တွင် တည်ဆောက်ထားခဲ့ရာ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊
ဟင်္သာတ၊ ဇလွန်မြို့နယ်များကို အလျား ၂၀၁ မိုင်ကျော်ရှိ ရေကာတာကြီးဖြင့်
ကာကွယ်တားဆီးထားကြောင်း ဆည်မြောင်းဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
Credit to >>> The Voice
Tuesday, July 21, 2015
ဇလွန်ရေကာတာ သုံးပုံတစ်ပုံပြိုကျ၊ လူအင်အားဖြင့် ကမ်းထိန်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment