တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက် ထိန်းချုပ်ရေးအတွက် ကျွန်းတုများ ဆောက်လုပ်နေသည့် စီမံကိန်းတစ်ရပ် မကြာမီ ပြီးဆုံးမည်ဟု တရုတ် အစိုးရက အတည်ပြု ပြောကြားခဲ့သည်။
စပရတ်လေကျွန်းစုများနှင့် အနီးတဝိုက်ရှိ သန္တာကျောက်တန်းများတွင် တရုတ်က စစ်ရေးအဆောက်အအုံများ ချဲ့ထွင်တည်ဆောက်ကာ ယင်းဒေသ ရေပိုင်နက်ကို လွှမ်းမိုးထိန်းချုပ်ရန် ကြိုးစားလျက် ရှိသည်။ ယင်းအတွက် နိုင်ငံတကာက ဝေဖန်မှုများ ရှိနေသော်လည်း တရုတ်ကမူ မိမိတို့သည် အချုပ်အခြာအာဏာ မထိပါးစေရန် နည်းလမ်းမှန်မှန် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
ယခုအခါ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ကျွန်းတုများ တည်ဆောက်ခြင်းနှင့် စစ်အဆောက်အအုံများ ဆောက်လုပ်ခြင်း ပရောဂျက်တစ်ခု မကြာမီ အပြီးသတ်နိုင်တော့မည်ဟု ကြေညာခဲ့သည်။ တောင်တရုတ် ပင်လယ်အတွင်း တရုတ်ရေတပ်က စစ်စခန်းများ ဖြန့်ကျက်တည်ဆောက်သည့် ပရောဂျက် ၇ ခုမျှ ရှိနေသည်ဟု ယုံကြည်ရပြီး မည်သည့်အစိတ်အပိုင်း အပြီးသတ်နိုင်မည် ဆိုခြင်းကို မသိရချေ။ ထို့အပြင် ပရောဂျက် ပြီးဆုံးနိုင်မည့် နေ့ရက်ကိုလည်း ကာကွယ်ရေး ဝန်ကြီးဌာနက မှတ်ချက်မပေးကြောင်း သိရသည်။
တရုတ်သည် တောင်တရုတ်ပင်လယ်အတွင်း၌ ရေပိုင်နက် ဇုန်အသီးသီးတွင် ကျွန်းတုများ တည်ဆောက်ပြီး ၎င်းတို့၏ ပိုင်နက်ကို ချဲ့ထွင်ထိန်းချုပ်ရန် ကြိုးစားနေရာ ဒေသတွင်း နိုင်ငံများအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့သည်။ ထို့အပြင် စပရတ်လေ ကျွန်းစုတစ်ဝိုက်တွင် ကင်းလှည့်လုပ်ငန်း ဆောင်ရွက်နေသည့် အမေရိကန် ရေတပ်နှင့် တရုတ်တို့ကြား ပြီးခဲ့သည့် လပိုင်းများအတွင်း ဆက်ဆံရေး တင်းမာမှုများလည်း မြင့်တက်ခဲ့သည်။
“ယုံကြည်စိတ်ချရတဲ့ တာဝန်ရှိသူတွေရဲ့ အဆိုအရ ပရောဂျက် အစီအစဉ်တွေက မျှော်မှန်းထားတဲ့အတိုင်း အဆင်ပြေနေပါတယ်။ နန်ရှားကျွန်း အနီးတဝိုက်က တချို့ကျွန်းနဲ့ သန္တာကျောက်တန်းတွေပေါ်မှာ တရုတ်နိုင်ငံပိုင် အဆောက်အအုံတွေ တည်ဆောက်နေမှုဟာ မကြာခင် အပြီးသတ်နိုင်ပါမယ်”ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။ နန်ရှားဆိုသည်မှာ စပရတ်လေ ကျွန်းစုများကို တရုတ်အမည်ဖြင့် ခေါ်ဝေါ်ထားခြင်း ဖြစ်သည်။
တရုတ်အစိုးရသည် တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်နက်အဖြစ် သတ်မှတ်ကြေညာထားပြီး အဆိုပါ ဒေသကို နှစ်စဉ် ဖြတ်သန်းနေသည့် ရေလမ်းကြောင်းများ၏ ကုန်သွယ်မှုတန်ဖိုးသည် ဒေါ်လာ ၅ ထရီလီယံမျှ ရှိသည်။ တရုတ်၏ လက်ဝါးကြီးအုပ်လိုသည့် ခြေလှမ်းကို ဒေသတွင်း နိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်၊ ဘရူနိုင်းတို့က ဆန့်ကျင်ကန့်ကွက်လျက်ရှိသည်။
Credit to>>>7Day Daily
Tuesday, June 16, 2015
တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ ကျွန်းတုတည်ဆောက်ရေး ပရောဂျက်တစ်ခု မကြာမီ အပြီးသတ်မည်ဟုဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment