Tuesday, June 16, 2015

ထောင်ချောက်များကို သတိပြုပါ

အတိတ်က အရိပ်ဆိုးများ ရှိနေခြင်းကြောင့် လှေစီးဒုက္ခသည်များအရေး ကိစ္စနှင့် ပတ်သက်လာလျှင် မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာက ဖိအားပေး ပြောဆိုကြခြင်းမှာ အချုပ်အခြာပိုင် နိုင်ငံတစ်ခု၏ ကိုယ်ပိုင်စီမံခန့်ခွင့်ကို အနှောင့်အယှက်ပေးသည့် အသွင်ဆောင်နေပေသည်။

လူဦးရေ ပေါက်ကွဲနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်လိုသူ၊ ရွှေ့ပြောင်းနေထိုင်လိုသူများ နိုင်ငံမှ ထွက်ခွာနေခြင်း၊ ကုန်ခဲ့သည့် အနှစ်နှစ်ဆယ်က အာဏာကိုင်စွဲထားသူများ၊ သက်ဆိုင်ရာ အစိုးရဌာန အချို့၏ အကျင့်ပျက်ခြစားမှုကြောင့် လူမှောင်ခိုကူးဂိုဏ်းများ ထကြွကာ နိုင်ငံ၏ ခြံစည်းရိုး မလုံခြုံ ဖြစ်လာခြင်းတို့က အဆိုပါ ရွှေ့ပြောင်းအခြေချလိုသူများ ရခိုင်ပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အလုံးအရင်း ဝင်ရောက်လာစေခဲ့သည်။

ထို့အပြင် ရိုဟင်ဂျာ နာမည်ခံထားသူ အချို့သည် ယခင်အစိုးရ လက်ထက်က နာမည်ဆိုး ရှိခဲ့ခြင်းကို အကြောင်းပြုကာ လူမျိုးရေး၊ ဘာသာရေး ဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု တံဆိပ်ကပ်ပြီး ဒေါ်လာသန်းနှင့်ချီသော ရန်ပုံငွေ၊ လှူဒါန်းထောက်ပံ့ငွေများဖြင့် လော်ဘီအဖွဲ့အစည်းများကို အသုံးချကာ ဗြိတိန်နှင့် အမေရိကကဲ့သို့ နိုင်ငံကြီးများ၏ လွှတ်တော်၊ ပါလီမန်များအထိ နားပေါက်လက်ခံလာစေရန် ဇာတ်နာစေသော ဇာတ်ကွက်၊ ဇာတ်လမ်းများဖြင့် ပြဿနာ ပိုကြီးစေရန်နှင့် နှစ်ဖက်စလုံးရှိ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်များ ခေါင်းထောင်လာစေရန် မီးထိုးပေးသကဲ့သို့ ရှိနေသည်။

ထိုအခြေအနေတွင် ဘာသာရေး၊ အမျိုးသားရေး နာမည်ခံကာ နိုင်ငံရေးအကျိုးအမြတ် အလို့ငှာ အခြေအနေအချိန်အခါကို လိုက်၍ အချိန်မရွေး လမ်းကြောင်းပြောင်းရန် ရည်ရွယ်အင်အားစုထားသည်ဟု သံသယဖြစ်ဖွယ်ကောင်းပြီး အမြဲလိုလို ဒေါသထွက်နေသော ဂိုဏ်းစတားဆန်ဆန် အုပ်စုတစ်စု၏ ပညာသားမပါ အစွန်းရောက်ဆန်ဆန် မယဉ်မကျေး တုံ့ပြန်မှုများက လှေစီးဒုက္ခသည် အရေးနှင့် ပတ်သက်၍ လော်ဘီအလုပ်ခံ ကုလသမဂ္ဂ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် နိုင်ငံတကာ သတင်းအေဂျင်စီအချို့၊ သတင်းမီဒီယာအချို့ကို သံသယ ပိုကြီးသွားစေသည်။

ဆိုလိုသည်မှာ လှေစီးဒုက္ခသည်ခေါ် ဘင်္ဂါလီ ရွှေ့ပြောင်းနေထိုင်သူများကို မြန်မာနိုင်ငံသား အများစုက နိုင်ငံသားဖြစ်ခွင့်နှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဿနာအဖြစ် မြင်ကြသော်လည်း နိုင်ငံတကာ ပရော်ဖက်ရှင်နယ် လော်ဘီများ၏ နားဝင်အောင် ပြောဆိုနိုင်မှု၊ ပြည်တွင်းရှိ ဘာသာရေး၊ အမျိုးသားရေး နာမည်ခံ၊ နိုင်ငံရေး လက်နက်သဖွယ် အသုံးချခံ အစွန်းရောက်များ၏ ဗုဒ္ဓနှင့် အဆုံးအမနှင့် မလျော်ညီသော မယဉ်မကျေး တုံ့ပြန်မှုတို့ကြောင့် မိမိဘက်က အမှန်ကို အမှားဖြစ်သွားစေရန် တမင်လမ်းကြောင်း ပြောင်းသကဲ့သို့ ဖြစ်နေခြင်းကို ဆိုလိုသည်။

မျက်မှောက်ရင်ဆိုင်နေရသည့် လှေစီးဒုက္ခသည်များ ပြဿနာသည် အင်အားကြီးနိုင်ငံ အချို့၏ ပြိုင်ဘက်ပါတီများ အကြား၊ ပြိုင်ဘက်နိုင်ငံများ၊ ပြည်တွင်းနိုင်ငံရေးပါတီများ အကြား နိုင်ငံရေး အားပြိုင်ရန်နှင့် မိမိတို့ပါတီ အပေါ် ထောက်ခံမှု ရရှိလာစေရန် သို့မဟုတ် တောင်တရုတ်ပင်လယ် ပြဿနာအပေါ် အာရုံစိုက်မှု လျော့ကျသွားစေရန် လူ့အခွင့်အရေးကိစ္စ ဗန်းတင်စည်းရုံးကာ လမ်းကြောင်းလွှဲ ထောင်ချောက်ဆင်ခြင်း ဖြစ်နိုင်ပေရာ မြန်မာနိုင်ငံ အစိုးရနှင့် မြန်မာနိုင်ငံသားများ အနေနှင့် ထက်မြက်ပါးနပ်မှု ရှိရှိ၊ လိမ္မာယဉ်ကျေးစွာ တုံ့ပြန်ဖြေရှင်းရန် အထူးအရေးကြီးလှကြောင်းနှင့် ထိုသို့ မတုံ့ပြန်တတ်ပါက ဆင်ထားသော ထောင်ချောက်များအတွင်း အလွယ်တကူ ကျရောက်သွားနိုင်ကြောင်း သိစေလိုရင်းဖြစ်သည်။
Credit to>>>The Voice

0 comments:

Post a Comment